မောင်ဂုရု သရော်သည်။

November 2, 2012

ယုတ္တိအမှား (၂)၊ မျိုးရိုး

ကြားဖူးကြမှာပါ။ “သူတို့မျိုးက အရူးမျိုး”တို့၊ “ဟဲ့ မျိုးမကောင်းလေးရဲ့” တို့၊ “ဒီမျိုးမစစ်ကောင်ပြောတာများ”တို့ဆိုတာ တွေကို နေ့စဉ်မဟုတ်တောင်၊ ရင်းနှီးတဲ့ အသုံးအနှုံး အနေနဲ့တော့ သိကြမှာပေါ့။ ဒီစကားလေးတွေက သေးနုတ် သိမ်ဖျင်းပေမယ့် တော်တော်တော့ တာသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ ညွှန်ကြားတာပဲဖြစ်ဖြစ်၊ ဒီလိုကောင်မျိုး ပြောတာကတော့ ရွှေထွက်တောင် အလကားပါကွာ ဆိုတာမျိုးကြောင့် အင်မတန် ကောင်းလှပါတယ် အကျိုးရှိလှပါတယ်ဆိုတဲ့ ဆွေးနွေးချက်၊ အကြံပေးချက်၊ ညွှန်ကြားချက်တွေဟာ ရေစုန်မျောသွားတတ်ပါတယ်။
ရာဇဝင်ကို ပြန်ကြည့်ရင် ပုပ္ပါးစောရဟန်းမင်း ကို မထင်မရှား တွေ့ရမှာပါ။ တကယ်တော့ ဒီမင်းဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လောက်ကောင်းခဲ့သလဲ၊ သိပ်မသိကြပါဘူး။ တကယ်တော့ ဒီမင်းဟာ အလုပ်တွေတော်တော်များများကို ပျိုးထောင်ခဲ့တဲ့ မင်းပါ။ အချိန်ကာလတွေကို တိကျစေခဲ့တယ်။ ပညာရှိတွေကို အတန်းအစားခွဲခြားပေးခဲ့တယ်။ အလုပ်အကိုင် တွေကို စနစ်တကျ အုပ်စုများသတ်မှတ်ပေးခဲ့တယ်။ အရန်စစ်အင်အား ဖွဲ့စည်းပုံအခြေခံတွေကို လွယ်ကူအောင် ပြန်လည် ပြင်ဆင်ခဲ့တယ်။ အခြေခံအုတ်မြစ်ကောင်းတွေ အများကြီး ချမှတ်ပေးခဲ့တာပါ။ သို့သော် အပြောမပါတော့ အရာမဝင် သမိုင်းမထင်ခဲ့ရှာပါဘူး။ သက္ကရာဇ်ဖြိုတဲ့ မင်းတစ်ပါး အနေနဲ့သာ သိကြသလို။ ဒီမင်း အဖြိုမတတ်ရင် သေမှာဆိုတဲ့ ရာဇဝင် အူပေါက် ကောက်ချက်သာ တွင်ကျယ်ခဲ့ပါတယ်။
တကယ်တော့ လူတော်တော်များများရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ဝင်စားမှုက လတ်တလော ထင်ပေါ်ကျော်ကြားလူသိများတဲ့သူရဲ့ အပြောအဆို အပြုအမူ အတွေးအကြံကို သာ ကောင်းတယ်ထင်တတ် တာပါ။ မထင်မရှား လူက ပြောရင် ဘယ်လောက် မိုးပျံနေပါစေ။သိပ်ဂရုမစိုက်တတ်ကြပါဘူး။ အဲ.. လူမုန်းများပေ့ဆိုတဲ့ လူကများပြောရင် ဘယ်လောက် ကောင်းကောင်း.. ဆန့်ကျင်ဘက်တောင် လုပ်ဦးမှာပါ။
ဒီလိုမျိုး အကြောင်းအရာထက် ပြောတဲ့သူကြောင့် ဦးတည်ချက် မှေးမှိန်တာ၊ ဆန့်ကျင်ဘက်ဖြစ်ရတာတွေဟာ… မျိုးရိုးကြောင့်ဖြစ်တဲ့ ယုတ္တိအမှားတွေပါပဲ။
ရလဒ်ကောင်းလှချည်ရဲ့ဆိုရင်လည်း ဘယ်သူက ပြောမှန်းမသိရင် ထင်ရှားတဲ့သူကို ကောက်နံမည်တပ်ချင်တတ်ကြပါသေးတယ်။ တစ်ခြားမကြည့်ပါနဲ့ မင်္ဂလသုတ်မှာ “အထခေါ အညတရ ဒေဝတာ” လို့ ပါဠိလိုလာတာကို မထင်မရှားနတ်သားလို့ မပြောချင်တော့ သိကြားမင်း က မြတ်စွာဘုရားကို မေးလျှောက်တယ်လို့ အနက်မှား ပြန်ပေးကြတာကို လူသူတော် များက ဖန်တီးထားတာ တွေ့နေရတာပဲဗျာ။ ဒါမျိုးက မျိုးရိုးလိုက်ချင်တဲ့ အမှားတွေပါ။
အင်မတန် လည်ဝယ်ကြတဲ့ နိုင်ငံရေးသမားများကတော့ ကိုယ့်အပေါ် လူတွေ ဘယ်လိုသဘောထားသလဲ ဆန်းစစ်ပြီး ချစ်တဲ့သူများရင် တည့်တည့်ပြောပြီး ဆွဲဆောင်ပါတယ်။ လူမုန်းများရင်တော့ ဆန့်ကျင်ဘက်ကို ပြောပြီး ကိုယ်ဖြစ်ချင်တာကို အကောင်အထည် ဖေါ်တတ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက ဒီလိုမျိုး နည်းတွေကို သုံးလေ့သုံးထရှိပါတယ်။ ဒါကြောင့် သူ့နံမည်မကောင်းပေမယ့် နိုင်ငံရေးလောကမှာ ထိပ်ကနေ နေခဲ့တာပါ။
ဒီနေ့ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. ဒီအန်အေ ပြောင်းလဲတဲ့ အလုပ်ကို ပိတ်ပင်ထားတာတွေ့မှာပါ။ ဘာကြောင့်ပိတ်တာလဲ။ တကယ်တော့ ဒီအလုပ်ကို စလုပ်ချင်ခဲ့တဲ့သူကတော့ လူတကာချစ်တဲ့ စူပါမစ်မဟုတ်ပါဘူး။ အဒေါ့ဖ်ဟစ်တလာပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို ဒီအန်အေကို ပြောင်းဖို့ လုပ်တာဟာ ဖက်ဆစ်တွေရဲ့ အလုပ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာ စခဲ့တဲ့ ရေမပါပဲ မောင်းလို့ရတဲ့ ဗောက်စ်ဝက်ဂွန်တို့၊ လမ်းမိုင်နှုန်းသတ်မှတ်ချက်တို့ ဆိုတာတွေဟာ ခုကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးနေရတဲ့ စနစ်ဖြစ်မနေဘူးလားဗျာ။
လူကောင်းတယ် မကောင်းဘူး ဆိုတာထက် မူကောင်းတယ်မကောင်းဘူးဆိုတာက ပို အရေးကြီးသလား ဆိုတာ စဉ်းစားစရာပါ။
သေချာတာကတော့ ကောင်းတဲ့လူက မကောင်းမကန်း တွေ ထိုးကျွေးနေလို့ ကောင်းမှာပဲ ဆိုပြီး ဟပ်လိုက်ရင်ဖြစ်ဖြစ်၊ မကောင်းတဲ့သူက ကောင်းပေ့ဆိုတာ တွေ ထိုးကျွေးနေလို့ ဒီကောင်ကျွေးတာ ကောင်းမှာ မဟုတ်ပါဘူးဆိုပြီး ပုတ်ချလိုက်ရင် ဖြစ်ဖြစ်၊ ဒီလို အမှားမျိုးကို မျိုးရိုးယုတ္တိအမှားလို့ ခေါ်တယ်နော…..
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးအခေါ်များ.. အပိုင်း.. (၃၅.၅)

November 1, 2012

ယုတ္တိအမှား (၁)၊ ဖဲသမားကောက်ချက်

Filed under: Uncategorized — gurugyi @ 3:54 pm

တစ်ချို့မှားယွင်းတဲ့ အတွေးတွေဟာ ဖဲသမားများ ဖဲတွက်သလို နောက်ဖဲဘာဖြစ်နိုင်တယ်ဆိုတာကို အရင် ဖဲဘာတွေကျခဲ့တယ် ဆိုတာပေါ်မူတည်တွေးရင်းက ဖြစ်လာတဲ့ အမှားတွေ ပေါ့။ ခုရမယ့်ဖဲရဲ့ ဖြစ်နိုင်ချေဆိုတာ အရင် ဖဲတွေဘယ်လို ကျသလဲပေါ် မူတည်တယ်လို့ စဉ်းစားရာက အလွဲကြီးလွဲတော့တာပေါ့ဗျာ။
ဥပမာဗျာ.. ခေါင်းပန်းလှန်တယ်ဆိုပါတော့ အရင် ငါးကြိမ်လှန်တာ ခေါင်းချည်းကျနေတော့ ခြောက်ကြိမ်မြောက်ကျရင် ပန်းကျဖို့ ရာခိုင်နှုန်း ပိုများတယ်ပေါ့။ သူက တွက်ပြတယ်။ တစ်ကြိမ်ကို ခေါင်းကျဖို့ ဖြစ်တန်စွမ်းက 1/2 ငါးကြိမ်ဆိုတော့.. 1/2*1/2*1/2*1/2*1/2 = 1/32 ခြောက်ကြိမ် ဆက်တိုက် ခေါင်းကျဖို့ဆိုရင် ဖြစ်တန်စွမ်း 1/64 (၆၄ ပုံ တစ်ပုံပဲ ရှိတော့တယ်။) ပန်းကျဖို့ ကတော့ 1/2 ရှိတယ်ပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာက တစ်ကြိမ်တစ်ခါလောင်းရတာလေ။ တစ်ခါလောင်းရင် ခေါင်းလည်း 1/2 ပန်းလည်း 1/2 ပဲ။ ဘယ်နှစ်ကြိမ် ပစ်ပစ်။
သာမန် လောင်းကစားသမားတွေကတော့ ခေါင်းငါးကြိမ်ကျပြီးရင် ပန်းကို ဖိလောင်းတတ်ပေမယ့် ဝါရင့် လောင်းကစားသမားတွေကတော့ ခေါင်းကို လောင်းတယ်။ ဘာလို့လည်းဆိုတော့ ပစ်တဲ့ ပိုက်ဆံမှာ လုပ်ချက် ရှိလို့ ခေါင်းချည်းကျနေတာဆိုပြီးတော့ပေါ့။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း ဒီလို ဖြစ်ရပ်တွေ ရှိနေပါတယ်။ကြားဖူးနေကျ “သုံးကြိမ်တော့ ကံမကောင်းပါဘူးကွာ” ဆိုတဲ့ စကားလေးကိုကြည့်ရင် ဒီဖြစ်ရပ်မျိုး မရှားဘူးဆိုတာ သိသာပါတယ်နော်။
နောက်တစ်ခုကတော့ ၂ ကြိမ် ဆုံးရှုံးသွားတယ်ဆိုတာ.. ၃ ကြိမ် မြောက်မှာ ဆုံးရှုံးနိုင်စရာ နည်းတယ်လို့ မဆိုလိုပါဘူး။ ၂ ကြိမ်ရှုံးသွားပြီဆိုရင် ဒီလူရဲ့ စွမ်းဆောင်ရည်ကို ပဲ ဖေါ်ပြနေတာပါ။ ၃ကြိမ်ကျ အောင်မြင်ပါ့မယ်လို့ ဘယ်လို မှ အကြောင်းပြစရာ မရှိပါဘူး။
ကျွန်တော်တို့က နိုင်ငံရေးပါတီတွေကို ရွေးမယ်။ မဲပေးတော့မယ်ဆိုတော့ ကိုယ်ပေးမယ့် ပါတီ၊လူကို နိုင်စေချင်ပါတယ်။ အမှားတွေ အများကြီး လုပ်ထားတဲ့သူကို မဲပေးချင်တဲ့ အခါ အရင် မှားပေမယ့် ခုတော့ မမှားနိုင်တော့ပါဘူးလို့ထင်တတ်ကြတယ်။ မှားဖို့ မှန်ဖို့ဆိုတာ အရင်အခေါက်တွေနဲ့ မဆိုင်ပါဘူးခင်ဗျာ… အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တာပါ။
နောက်တစ်ခုကတော့ လောကကြီးက မျှတတယ်ဆိုတဲ့ အမြင်ကြောင့်လည်း ဖဲသမားကောက်ချက်တွေ ဖြစ်လာတတ်ပါတယ်။ “မြန်မာပြည်ကွာ.. ရေမြေအနေအထား ဒီလောက်ကောင်းနေတာ.. ဘယ်တော့မှ ရေမရှားဘူး။ ” (ရှားသွားခဲ့ပြီ မဟုတ်လား)
“တောက်.. အရင် တိုင်ပင်တဲ့ လူတွေကတော့ တစ်ယောက်မှ အဆင်မပြေဘူး။ မွေးနေ့ကျော်လာပြီဆိုတော့ ကံကောင်းပါပြီ။ ဒီတစ်ယောက်နဲ့ တော့ အဆင်ပြေလောက်ပါပြီ။” ( အသုံးမကျ ဥာဏ်နည်းသူကို တိုင်ပင်ရင်တော့ ဇာတာတိုင်သာ တိုလာမယ် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။)
များသောအားဖြင့်တော့ ကျွန်တော်တို့တစ်တွေဟာ.. ဒီလိုဖဲသမားကောက်ချက် မျိုးကို လူတွေကိုယ့်ဘက်ပါလာအောင်စည်းရုံးတဲ့ နေရာမှာ သုံးကြပါတယ်။
“အရင်ကလည်း ဒီလူတွေပဲ ငါတို့ အကျိုးစီးပွားပျက်စီးအောင်လုပ်နေတာ။ ခုလုပ်တာလည်း ဒီလူတွေပဲ။ ” (ဟုတ်ချင်မှ ဟုတ်မှာပေါ့။)
“မင်းကြည့်ပါလား။ ဒီကောင်နောက်လိုက်တဲ့ အကောင်တွေ တစ်ကောင်ပြီး တစ်ကောင် ဘာများ ဟုတ်ဟုတ်ငြားငြား ဖြစ်လာလို့လည်း၊ ခုကောင်လေးလည်း ဒီလိုပဲ နေမှာပဲ။ငါနဲ့ တူမလား ” (ဘယ်ပြောရမလဲ။)
နောက်တစ်ခေါက်ကျတော့ မျိုးနဲ့ရိုးနဲ့ ဆိုတာလေးကို နည်းနည်း တီးခေါက်ကြည့်ပါမယ်ခင်ဗျာ။
Reference:
မောင်ဂုရုရဲ့ ထင်ရာမြင်ရာ အတွေးအခေါ် များ (၃၅.၅)

Facebook ဆိုတာ….

Filed under: Uncategorized — gurugyi @ 3:23 pm

မောင်ဂုရု စာမရေးတာ ကြာပါပြီ… မနေနိုင်လို့… ရေးပါသည်။ Facebook အကြောင်းလေးပါ။Facebook သည်…. ဓါတ်နက်ပေါ်တွင် လှုပ်ရှားအသက်ဝင်နေသော ဓါတ်နက်စာမျက်နှာပေါင်း ၆၄၄ သန်း ထဲမှ တစ်ခုသော စာမျက်နှာ တစ်ခုသာ ဖြစ်သည်။ ထင်ရှားကျော်ကြားသော လူမှုကွန်ယက် စာမျက်နှာ ၂၀၀ ကျော် အနက် တစ်ခုသော စာမျက်နှာသာ ဖြစ်သည်။ ကမ္ဘာတစ်လွှား ဓါတ်နက် အသုံးပြုသူ ၂.၂၇ ဘီလီယံ အနက် အသုံးပြုသူ သန်း ၉၀၀ ရှိသော စာမျက်နှာသာ ဖြစ်သည်။ (၈ မတ် ၂၀၁၂ စာရင်းအရ)Facebook ပေါ်တွင်…. သင် သတင်းစာဖတ်နိုင်သည်။ အတင်းစာကြည့်နိုင်သည်။ နိဗ္ဗာန်ရောက်ကြောင်း တရားနာနိုင်သည်။ အဖေါ်အချွတ်ကြည့်နိုင်သည်။ ဂင်းနစ်မှတ်တမ်း ဝင်နိုင်သည်။ အမေရိကန်သမ္မတ နှင့် မိတ်ဆွေဖွဲ့နိုင်သည်။ ဓါတ်နက်သုံး သူတောင်းစားနှင့် စကားဖေါင်ဖွဲ့နိုင်သည်။ သမ္မတစကားကြားနိုင်သလို.. ကလေကဝစကား အဟုတ်ကြီးလုပ်နိုင်သည်။ စာကလေးသည် ဆင်လောက်အားကြီးသည်။ ဒိုင်နိုဆောသည် မျော့မျော့သာ ဖြစ်သည်။ ဆဲနိုင်သလို အဆဲခံရနိုင်သည်။ လူသတ်နိုင်သည်။ နိဗ္ဗာန်ေ၇ာက်ကြောင်း အကျင့်ကောင်းများ ရှိသည်။ စစ်ပွဲ ဆင်နွှဲနိုင်သည်။ ကလေးများကို ဖျားယောင်းနိုင်သည်။ ရာဇဝတ်မှုများ ကျူးလွန်နိုင်သည်။ တရားနာနိုင်သည်။ အလှူငွေ ထည့်နိုင်သလို.. အလှူငွေလက်ခံနိုင်သည်။ ဂိမ်းဆော့နိုင်သည်။ ဖုန်းဆက်နိုင်သည်။ ငွေလွှဲနိုင်သည်။ အတည်ဟု ထင်သော်လည်း အတည်မဟုတ်။ အတည်မဟုတ်ဟု ထင်သော်လည်း အတည်ဖြစ်နိုင်သည်။ Facebook ပေါ်တွင် …. သင်သည် ယောကျာ်း ဖြစ်နိုင်သလို မိန်းမဖြစ်နိုင်သည်။ ယောကျာ်းယူ၍ ရသည်။ မိန်းမယူ၍ရသည်။ အခြောက်လုပ်၍ ရသည်။ အတင်းပြောလို့ရသည်။ အပုပ်ချလို့ရသည်။ မဲလိမ်လို့ရသည်။ လူစုလို့ရသည်။ အမဲလိုက်လို့ရသည်။ သူတော်ကောင်းတရားပွားများလို့ရသည်။ သက်မွန်မြင့်ဖြစ်နိုင်သည်။ နေတိုး ဖြစ်နိုင်သည်။ ရိန်းဖြစ်နိုင်သည်။ အိုဘားမား ဖြစ်နိုင်သည်။ ခွေးဖြစ်နိုင်သည်။ ဆင်ဖြစ်နိုင်သည်။ ဘိုးတော်ဖြစ်နိုင်သည်။ သူခိုးဖြစ်နိုင်သည်။ နိုင်ငံတော် သစ္စာဖောက် ဖြစ်နိုင်သည်။ Facebook ပေါ်တွင် သင်နှင့် စကားပြောသူသည်…..သင်သိသော သူ ဖြစ်နိုင်သည်။ သင်မသိသော သူဖြစ်နိုင်သည်။ သင်သိပါလျက်နှင့် မသိသော သူ ဖြစ်နိုင်သလို.. သင်မသိပါလျက်နှင့် သိသော သူ ဖြစ်နိုင်သည်။ သင်သာ မမြင်အောင် စကားပြောနိုင်သလို သင်တစ်ယောက်တည်းမြင်အောင် စကားပြောနိုင်သည်။ ဘယ်သူမှ မမြင်အောင် စကားပြောနိုင်သလို လူအများ မြင်အောင် စကားပြောနိုင်သည်။ Facebook ပေါ်တွင်… သင်သည် စာ ဓါတ်ပုံ ဗီဒီယို တင်နိုင်သည်။ ဆော့ဝဲများ ဝေမျှနိုင်သည်။ ရယူနိုင်သည်။ ထို့ထက်မပိုပါ။ သို့သော်.. Facebook သည် သင့်ကိုကိုယ်စားမပြုပါ။ လူ့လောကကို ကိုယ်စားမပြုပါ။ လက်တွေ့ဘဝကို ကိုယ်စားမပြုပါ။ ဘာကိုမှ ကိုယ်စားမပြုပါ။ ထိုကိုယ်စားမပြုနိုင်သော Facebook ကို ပညာရှိသည် ဝါဒဖြန့်ရန်သုံးသည်။ သပ်လျှိုရန်သုံးသည်။ ကြီးကျယ်မြင့်မြတ်ရန်သုံးသည်။ ကောင်းကျိုးအတွက်သုံးသည်။ သို့သော် Facebook သည် တရားစီရင်ရေး မဏ္ဍိုင်မဟုတ်… လေးစားလောက်သော အကျင့်ကောင်းပိုင်ဆိုင်သည့် ပေတံတစ်ခုမဟုတ်ချေ။ ထို့ကြောင့် Facebook နှင့် Facebook ပေါ်တွင် ရှိသော အရာများ ကြောင့် လက်တွေ့ဘဝ လှုပ်ခတ်ခြင်း.. လက်တွေ့ဘဝကို လှုပ်ခတ်စေခြင်းသည် တရားမျှတမှုကို ချစ်မြတ်နိုးသူတို့ လူ့တန်ဖိုးကို လေးစားသူ ပညာရှိ သူတော်ကောင်းတို့ အနေဖြင့် စိတ်ကူးဖြင့်ပင် စဉ်းစားသင့် စဉ်းစားအပ်သော အလုပ် မဟုတ်ကြောင်း ကျွန်တော်မောင်ဂုရုမှ စိတ်ကောင်းစေတနာ ရှေးရှုတင်ပြလိုက်ရပါသည်။ ယခုရေးသားသော စာသည်လည်း Facebook ပေါ်တွင် ရေးသည့်အတွက် အတည်ဟု ယူနိုင်သလို.. အတည်မဟုတ်ဟု ယူနိုင်သော ပေါက်တတ်ကရရေးချင်ရာ ရေးထားသည့် အလေးအနက်ထားအပ်သော စာဖြစ်နိုင်သလို… မဖြစ်နိုင်သည်လည်း ဖြစ်နိုင်ပါ၏။ ပညာရှိပြောသော ကလေကဝစာ ဖြစ်နိုင်သလို.. ခွေးတစ်ကောင်ပါးစပ်မှ ထွက်လာသော နတ်စကားဖြစ်နိုင်ပါသည်။ သို့သော်.. လက်တွေ့ဘဝသို့ Facebook သယ်မလာပါနှင့်။ လက်တွေ့ဘဝကိုသာ Facebook သို့သွင်းပါ။
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးများ အပိုင်း(၃၆.၁၁)

January 22, 2010

ကိုယ်က နှိပ်လိုက်.. သူရလိုက်

Filed under: Uncategorized — gurugyi @ 3:15 pm

မောင်ဂုရု.. တစ်လောက မှ india က လူငှားပြီး ကြော်ငြာနှိပ်တဲ့ လုပ်ငန်း အကြောင်းကို ဖတ်မိပါတယ်။ သူတို့က ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ကို လုပ်တာပါ။ လုပ်ဆောင်ပုံက ဒီလိုလေးပေါ့။
Google Ads ဆိုတာရယ်။ pay per clicks ဆိုတာရယ် ရှိပါတယ်။ သူတို့က link လေးတွေ ပေးပါတယ်။ အဲဒီ link ကို ကိုယ်ပိုင် web site တစ်ခုမှာ တင်ထားရင် အဲဒီ web site ကို လာကြည့်သူများက ဒီ link ကို နှိပ်ပါတယ်။ အဲဒီအခါ ကြော်ငြာတဲ့ ကုမ္ပဏီက တစ်ချက် နှိပ်ရင် ဘယ်လောက်ဆိုတာ ပေးရပါတယ်။ တစ်ချက်ကို အနိမ့်ဆုံး $0.1 ကနေ $1.45 လောက်ထိ ရှိပါတယ်။ ဥပမာ မောင်ဂုရုက ခု ဘလော့ဂ်ကို ကြော်ငြာချင်တဲ့ အခါမှာ ကြော်ငြာကုမ္ပဏီကို အလုပ်အပ်ပါတယ်။ ကျွန်တော့် site ကို တစ်ခြားနေရာကနေ လာကြည့်ရင် မောက်စ် တစ်ချက်နှိပ်တာနဲ့ $0.4 ပေးပါ့မယ်လို့ bid လုပ်လိုက်တာနဲ့ ကြော်ငြာ ကုမ္ပဏီက လက်ခံပေးမယ့် web site တွေကို ရှာပေးပါတယ်။ web site တွေက မောင်ဂုရု ရဲ့ blog address link ကို တင်ထားပေးပါတယ်။ အဲဒီ web site ကို လာကြည့်တဲ့သူများက ပေးထားတဲ့ မောင်ဂုရုရဲ့ link ကို နှိပ်လိုက်တာနဲ့ မောင်ဂုရုက တစ်ချက်ကို $0.4 ကုန်ပါပြီ။ မောင်ဂုရုရဲ့ link ကို လက်ခံပေးတဲ့ website က အဲဒီ ပိုက်ဆံကို ရတယ်ပေါ့ဗျာ။ မောင်ဂုရုသိသလောက်ကတော့ ဒီလို အချက် ကို အသုံးချပြီး India က မောက်စ်နှိပ်စားသူများက လုပ်ဆောင်ပုံ ၂ မျိုးနဲ့ လုပ်ဆောင်ပါတယ်။ ပထမဆုံးကတော့ web site တစ်ခု ထောင်လိုက်ပါတယ်။ အဲဒီ web site ပေါ်မှာ ကြော်ငြာ် ကုမ္ပဏီက တင်ထားတဲ့ link တွေကို လက်ခံထားပါတယ်။ နောက်ကွယ်က နေ လူငှားပြီး အဲဒီ link တွေကို တစ်ချိန်လုံး ထိုင်နှိပ်ခိုင်းပါတယ်။ များများနှိပ်လေ များများ ပိုက်ဆံရလေပါပဲ။ India က အိမ်ရှင်မတွေ အတွက် အလုပ်ကောင်းကောင်းတစ်ခု ဈေးကွက်တစ်ခု ဖြစ်တဲ့ အထိ မောက်စ်နှိပ်ကြပါတယ်။ သူတို့က ဘာတွေ ပွင့်လာပြီး ဘယ်ရောက်တယ် စိတ်မဝင်စားပါဘူး။ သူတို့သိတာက ဒီ web site မှာ ရှိတဲ့ ဒီ link ကို နှိပ်ရင် အာရကေရတယ်။ ဘယ်လောက်ရတယ် ထင်ပါသလဲ။ တစ်လ ကို $100 ကနေ $200 လောက်ထိ ရကြပါတယ်။ အဲဒီတော့ ဂိုဏ်းဖွဲ့ ပြီးတော့ကို လုပ်ကြတယ်။ စဉ်းစားကြည့်လေ တစ်ယောက် ၁၀၀ ဆိုရင် အယောက် ၁၀၀ ဆိုရင် တစ်လ $10,000 နည်းမှ မနည်းပဲ။ အဲဒီတော့ လူစုလူဝေးနဲ့ ကို လုပ်ကြတာ။ နောက် အဲဒီလို ဂိုဏ်းတွေ များလာတော့ အဲဒီဂိုဏ်းတွေကို အလုပ်အပ်တဲ့သူတွေတောင် ရှိလာတယ်။ ဘယ်လိုအလုပ်လဲဆိုတော့၊ သူများကို ဒုက္ဃရောက်အောင်လုပ်တဲ့ အလုပ်ပေါ့။
ကုမ္ပဏီ ၂ ခု ဈေးကွက်မှာ ပြိုင်လာတယ်။ ဟိုဘက်ကုမ္ပဏီကို စားရိတ်တက်ပြီး ဒုက္ဃရောက်စေချင်တဲ့အခါကြတော့၊ ဒီလို မောက်စ်နှိပ်စားသူများ ဂိုဏ်းကို ပိုက်ဆံပေးပြီး အဲဒီ ကုမ္ပဏီရဲ့ ကြော်ငြာ link ကို လိုက် နှိပ်ခိုင်းတော့တာပဲ။ ဟိုလူတွေကလည်း လာထား နှိပ်တာ မှ အသားကုန်။ ဖွတ်ကလိက ရတာကိုး။ လူများများရအောင် ကြော်ငြာမိတဲ့ ကုမ္ပဏီခမျာမတော့ တစ်ခါရှင်းရင် ကြော်ငြာစားရိတ်က တင် မျက်လုံးပြူးလောက်စရာ မျက်ဖြူဆိုက်လောက်စရာ အကျပ်ရိုက်ရတော့တာကိုး။ မူလကတော့ သူ့site လာကြည့်တဲ့သူ ၁၀၀ မှာ ၁ ယောက်လောက် ရောင်းရရင် အမြတ်ပဲ ဆိုပြီး ကြော်ငြာမိခါမှ လာကြည့်တဲ့သူ အယောက်တစ်သိန်း ဖြစ်လည်း ဘာမှ မရောင်းရတော့ မိအေး ၂ ခါ နာ ဒေဝါလီခံကိန်းဆိုက်။ နောက်ကွယ်ကနေ ဓါးနဲ့ ထိုးတဲ့ ပြိုင်ဘက်ကတော့ ဒူးလေးနှန့်လို့။
ဒါမျိုးလုပ်တာ india တစ်နိုင်ငံတည်းလား ဆိုတော့ မဟုတ်ဘူးတဲ့ဗျ။ အရှေ့ခြမ်း နိုင်ငံတွေ တော်တော်များများ လုပ်ကြတယ်တဲ့။
လုပ်ပုံလုပ်နည်း အသေးစိတ်လေး ပြောပြပါ့မယ်။ တစ်နည်းအားဖြင့် online ပေါ်က ပိုက်ဆံရှာနည်းလေးပါ။ နည်း (၂) မျိုး ရှိပါတယ်။
နည်း (၁)
၁။ ကိုယ်ပိုင် web site ဖြစ်ဖြစ် blog ဖြစ်ဖြစ် ထူထောင်လိုက်ပါ။ အဲဒီ site ကို လူများများ လာကြည့်အောင် လုပ်ပါ။ အောင်မြင်အောင်လုပ်ပါ။
၂။ paypal မှာ account တစ်ခု ဖွင့်ပါ။ paypal account က ဖွင့်ရတာလွယ်ပါတယ်။ မြန်မာပြည်ကနေဆိုရင်တော့ freedom လိုမျိုး tunneling software တစ်ခုကနေတစ်ဆင့် paypal ကိုချိတ်လိုက်ပါ။ ပြီးရင် sign up လုပ်လိုက်ပါ။ plan ၃ ခု ထဲက မှ premium plan ကို ရွေးလိုက်ပါ။ နောက်တစ်ဆင့် credit card ကို မေးရင် go to my account ဆိုတာကို နှိပ်လိုက်ပါ။ email ကနေ တစ်ဆင့် verification လုပ်လိုက်တာနဲ့paypal account တစ်ခု ရပါပြီ။
၂။ ပြီးရင် bidvertiser မှာ account တစ်ခုဖွင့်လိုက်ပါ။ အဲဒီက ရတဲ့ advertisement code ကို ကိုယ့် site မှာ တင်လိုက်ရင် လာကြည့်တဲ့သူ နှိပ်သမျှကို ကိုယ်က ရပါတယ်။ ရလာတဲ့ ပိုက်ဆံကို paypal မှာ ပြန်လွဲထားလိုက်ပေါ့။
နည်း (၂)
၁။ paypal မှာ account တစ်ခု ဖွင့်ပါ။ paypal account က ဖွင့်ရတာလွယ်ပါတယ်။ မြန်မာပြည်ကနေဆိုရင်တော့ freedom လိုမျိုး tunneling software တစ်ခုကနေတစ်ဆင့် paypal ကိုချိတ်လိုက်ပါ။ ပြီးရင် sign up လုပ်လိုက်ပါ။ plan ၃ ခု ထဲက မှ premium plan ကို ရွေးလိုက်ပါ။ နောက်တစ်ဆင့် credit card ကို မေးရင် go to my account ဆိုတာကို နှိပ်လိုက်ပါ။ email ကနေ တစ်ဆင့် verification လုပ်လိုက်တာနဲ့paypal account တစ်ခု ရပါပြီ။
၂။ ပိုက်ဆံပေးတဲ့ survey site တွေနဲ့ ချိတ်ထားဖို့လိုပါတယ်။ A.W surveys, socints, surveyhead စတာတွေကို သွားပြီး sign up လုပ် ပါ။ အဲဒီ site တွေက မေးသမျှ ပေါက်တတ်ကရ ဖြေပေးယုံနဲ့ သူတို့က ပိုက်ဆံတွေ ပေးပါတယ်။ ရလာတဲ့ ပိုက်ဆံတွေကို paypal account ထဲ ပြန်လွှဲလိုက်ပေါ့။

ဒီနည်း ၂ ခုလုံးမှာ ကိုယ်ပိုင် email လိုပါတယ်။ မောင်ဂုရု ကတော့ email account တစ်ခုကို gmail မှာ အသစ်ဖွင့်ပြီးမှ ဒီနည်းတွေကို စမ်းသပ်စေချင်ပါတယ်။ ဘာဖြစ်သေးလည်း မရတော့လည်း အရင်း ရတော့လည်း အမြတ်ပေါ့။

Credits:
ဒီ blog လေး ရေးနိုင်ဖို့ ဝိုင်းဝန်းကူညီသူများဖြစ်တဲ့ minwe, wai wai hlaing, lego, Aung kk m, kyaw တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။

January 19, 2010

ခြစားနေတဲ့.. အိမ်… (Management & Leadership ကကြီးခကွေး.) (၂)

Filed under: Uncategorized — gurugyi @ 10:50 am

အရင်တစ်ခေါက်ရဲ့ အဆက်……
အဲဒီတော့ ခြစားနေတာတော့ သေချာပြီ။ ဒီခြတွေကို ဘယ်လို လုပ်မလဲ။ ခြတက်နေတဲ့ တန်းတွေ ကို ဖယ်ပစ်လိုက်ယုံနဲ့တော့ မဖြစ်သေးဘူး။ တက်ဆဲ၊ တက်လတ္တံ့၊ ခြတွေကိုပါ ရှင်းမှပဲ ခြပြသနာ ပြေလည်မှာကိုး။ ဒီတော့ အပိုင်း (၂) ပိုင်းခွဲပြီး ကိုင်တွယ်မယ်လို့ လျာထားလိုက်တာပေါ့။ ခက်တာက မြေကြီးထဲက ခြကို ဘယ်လို ရှင်းမလဲ မသိဘူးဗျ။ ပြီးတော့ ခြတက်နေတဲ့ တန်းတွေကို မဖယ်တတ်ဘူး။ ဖယ်လိုက်ရင် ပြိုကျမှာလေ။ ဒီတော့ တတ်သိနားလည်တဲ့သူကို ခေါ်ပေါ့။ လုပ်တတ်တဲ့သူကို ခေါ်တော့လည်း အလကားတော့ ဘယ်ရမလဲ။ ပိုက်ဆံဘယ်လောက်ကုန်မလဲ ဆိုတာက လည်း အရေးပါလာပြန်ရော။ ဟာ … ဈေးတွေလိုက်မေး၊ ကုန်ကျစရိတ် အကြမ်းတွက်ခိုင်း၊ လုပ်ရတာပေါ့ဗျာ။ (limitations and resource assessment လေးလုပ်ရတာပေါ့ဗျာ။ pros and cons တွေကိုလည်း တစ်ပါတည်းလုပ်တာပေါ့။) အဲဒီတော့မှ ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ ချိန်ပြီး တန်းလဲတာတော့ လူခေါ်လုပ်မယ်။ မြေကြီးထဲက ခြကိုတော့ ကိုယ်တိုင်ဆေးပြားထည့်ပြီး သတ်မယ်။ စသည်စသည် လုပ်ရမယ့် အလုပ်လေးတွေပေါ်လာတယ်။ ဘယ်အချိန်မှာ ဘာပြီးအောင်လုပ်မယ်။ ဘယ်လောက်ပြီးအောင်လုပ်မယ် ဆိုတာတွေ ပါ အပြီး လုပ်ရတာပေါ့။ ဟုတ်တယ်လေ။ တော်ကြာ တန်းလဲပြီး ပိုက်ဆံမရှိလို့ လူမရှိလို့ ဆိုမြေကြီးထဲက ခြ မသတ်ရင် တော်ကြာကျ ပြန်တက်၊ အပေါ်တန်းခြပြန်စားနဲ့ ဂျာအေးကို သူ့အမေရိုက်နေမှာလေ။ (Objective defining, activity plan, methodology, operational cost and feasibility လုပ်နေတာလို့တော့ ဘုတ်အုတ်ကြီးမှာ ပြောတာပဲ။)
ဟုတ်ကပြီ။ စတော့မယ်ဆိုတော့မှ။ ဟာ.. စလို့မရသေးဘူး။ ဘယ်သူက ဘာလုပ်မှာလဲ။ လာထား… မောင်ဂုရုတို့အဖေက ခြနှိမ်နှင်းရေး ကော်မတီ CEO ပေါ့ဗျာ။ အမေကတော့ finance and supply management director ပေါ့။ အကို အကြီးဆုံးကတော့ တန်းလဲတာကြီးကြပ် ပေါ့။ အကိုအလတ်က မြေအောင်းခြ သတ်ပေါ့။ မောင်ဂုရုကတော့ သူတို့အားလုံးခိုင်းတာ တောက်တိုမယ်ရလုပ်ပေါ့။ ဒီလို လူတွေ တာဝန်ခွဲလိုက်တာကိုး။ (organizing man power, delegation of authority, စတာတွေနဲ့ effective management ရအောင် ဆောင်ရွက်ခြင်းပေါ့။)
လာပါပြီ။ စလုပ်ပါပြီ။ ဇာတ်လမ်းက ခုမှစတာ။ မောင်ဂုရုတို့ အကို အကြီးဆုံးက လက်သမားကို ဈေးသက်သာတာ ငှား။ ပိုက်ဆံပိုပြ။ သစ်သားသိပ်မကောင်းတာတွေဝယ်။ အကောင်းဈေးတင်။ ရတတ်သလို ဗုန်းတဲ့ အခါကျတော့ တန်းတွေလဲပြီးတော့မှ အမိုးက နိမ့်တဲ့နိမ့်၊ မြင့်တဲ့နေရာမြင့် ဖြစ်နေရော။ လတ်တလောတော့ ခြကင်းစင်သွားပါရော။ အကို အလတ်က သိပ်ရစရာမရှိတော့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့၊ အချိန်ဆွဲပြီး မုန့်ဖိုးပိုတောင်း၊ ဆေးရှားလို့ လိုက်ရှာနေရတာဆိုပြီး မုန့်ဖိုးပိုတောင်းနဲ့ ကြာလာတော့ အမေက နင့်ဟာက မဟုတ်သေးပါဘူးဟယ်။ ငါ့မှာ တန်းတွေလဲလိုက်ရလို့ ပိုက်ဆံနည်းနေပြီ၊ ပြီးတော့ သူများအသက်သတ်ရတာ အကုသိုလ် ကြီးပါတယ် ဆိုပြီး မြေအောင်းခြများကို ဆက်မသတ်တော့ဘူးဗျ။ နောက် ထပ်တက်တဲ့ ခြကမှ ပိုတောင် ဆိုးသေး။ သစ်ပွတွေဆိုတော့ ကောင်းကောင်းဝင်ရတာလွယ်တာလေ။ ပိုတောင် ကောင်းသေး။
နောက်ဆုံးဖြစ်ရပ်အနေနဲ့ မောင်ဂုရုတို့အဖေ ရာထူးတိုး အလုပ်ပြောင်းရတဲ့အခါကျတော့ အိမ်ကို ပိတ်မထားတော့ပဲ အပြီးရောင်းလိုက်ပါတော့တယ်။
(Planning မှာ သေချာလုပ်ခဲ့ပေမယ့်၊ Implementation ရော Evaluation မှာရော သေချာ မလုပ်မိတဲ့ အခါကျတော့ မောင်ဂုရုတို့ ငွေကုန် အရာမရောက် ဖြစ်ခဲ့ရပါတယ်။ ခု ဒီ ဘလော့ဂ်ကိုလည်း မောင်ဂုရုက အစအဆုံးရေးရမှာ ဖြစ်ပေမယ်လို့ စာမေးပွဲတုန်းက planning ပဲ hot spot ထွက် လို့ အဲဒါပဲ ကျက်ခဲ့မိတဲ့ အတွက် အဲဒီအထိကို မေးခွန်းနဲ့ ကိုက်ယုံပဲ ဖြေတတ်ပါတယ်။ ဆက်ပြောရင် ပို မှားမှာ စိုးလို့ ဆက် မပြောတော့ပါဘူး။ ဒီလောက်နဲ့ ရပ်ခွင့်ပြုပါ။ နောက်များမှ ဘုတ်အုတ်ကြီး ယောင်ယမ်းလို့ ဖတ်မိတော့မှ ဆက်ပြောပါ့မယ်။ )
Reference:
Google မှာ general principles of management ရယ် general principles of leadership ရယ် လို့ ရိုက်လိုက်ရင် ရလာတာတွေ ကို ကိုးကားထားပါတယ်။

January 18, 2010

ခြစားနေတဲ့.. အိမ်… (Management & Leadership ကကြီးခကွေး.) (၁)

Filed under: Uncategorized — gurugyi @ 4:47 pm

(ဒီအကြောင်းအရာလေးက management and leadership အကြောင်းဆွေးနွေးတုန်းက မောင်ဂုရု တရားဝင် စာတမ်းတင်ပြီး ဆွေးနွေးထားတဲ့အကြောင်းအရာလေးပါ။ )
မောင်ဂုရုတို့ တောက အိမ်က တိုက်ခံအိမ်အမျိုးအစား၊ မော်လမြိုင်အိမ်ပုံစံပေါ့။ အောက်ဖက်က အုတ်ညှပ်တိုက်.. အပေါ်ရောက်တော့မှ သစ်သားတွေနဲ့ပါ။ ရှေ့မှာ ဝရန်တာနဲ့ ဘေးကနေ လှေကားနဲ့ အပေါ်တက်ရတာပေါ့။ မောင်ဂုရုတို့က အပေါ်မှာ လူနေပါတယ်။ အောက်ထပ်မှာတော့ ဟိုဟာထား၊ဒီဟာထား၊ ထားစရာမရှိရင် ပြောင်သလင်းခါနေတာပေါ့။ အိမ်ကြီးကတော့ တော်တော်ဟောင်းနေပါပြီ။ ဒါပေမယ့် တိုင်တွေက ပျဉ်းကတိုးတိုင်တွေဗျ။ တိုင်လုံးကြီးတွေ။ ဒီဘက်ခေတ်မှာတော့ ဘယ်လိုမှ ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီအိမ်ကြီးကလည်း မောင်ဂုရု တို့ ဘိုးဘွားတွေလက်ထက်က ဆောက်ခဲ့တာပါ။ သူတို့ လွန်တော့ မောင်ဂုရုအဖေအမေများက အမွေရတာပေါ့။ မောင်ဂုရုတို့ အဖေအမေများ ရိုးရိုးလခစားလေးတွေ ကျောင်းသား ၃ ယောက် ကျောင်းထားနေရတာ။ ဘယ်ဆောက်နိုင်မတုံး။ ဒါမျိုးအိမ်ကို။( ဒါက background situation and rationale ပေါ့။ နောက်တစ်မျိုး situational analysis ပေါ့။) ဒီအိမ်ကြီးမှာက ဘာကောင်းလည်းဆိုတော့ ကျယ်တယ်ဗျ။ အိမ်ရှေ့ကနေ အိမ်နောက်ထိ အကျယ်ကြီးပဲ။ မောင်ဂုရုတို့က အပေါ်ထပ်မှာပဲနေတာတောင် တစ်ယောက်တစ်ခန်းနေနိုင်တဲ့ အပြင် အခန်း လွတ်တွေ ရှိသေးတယ်။ အိမ်မကြီး အလယ်မှာက အဖေ ကျူရှင်သင်သေးတယ်။ အောက်ထပ်က တော့ အလွတ်ပဲ။ (strength and opportunity analysis လေးပါ။) မကောင်းတာက တံခါးပေါက်တွေများတယ်။ လူကလည်းနည်းတော့ အဲဒီတံခါးပိတ်ဖို့ကို တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်နေကြတာပဲ။ ၁၉၉၀ နောက်ပိုင်းကျတော့ ဆေးသုတ်ရတာတစ်ခုပိုလာတယ်။ အိမ်ကကြီးတော့ ဆေးတစ်ခါတစ်ခါ သုတ်ရတာ သိပ်မလွယ်လှဘူး။ ဟိုးတုန်းကတော့ ရေနံချေးလေးဘာလေးသုတ်လိုက်တာပေါ့။ နောက်ပိုင်းကျတော့ တော်ကြာ အနီရောင်သုတ်ခိုင်းလိုက်၊ တော်ကြာ အစိမ်းရောင်သုတ်ခိုင်းလိုက်နဲ့ ခဏခဏ ပြောင်းခိုင်းတော့ တော်တော်လေးခွကျပါတယ်။(ဒါကတော့ weakness ပေါ့။) ညအိပ်တော့မယ်ဆိုရင် တံခါးလိုက်ပိတ်ရတာက အလုပ်တစ်ခု။ ကြောက်နေရတာက မီးရေးထင်းရေးရယ်၊ သူခိုးရယ်ပဲ။ အပေါ်က သစ်သားတွေဆိုတော့ မီးရေးထင်းရေးက တော်တော်စိုးရိမ်ရပါတယ်။ (ဒါလေးက threat analysis ပေါ့။)
ဒါပေမယ့်ဗျာ.. သိတယ်မဟုတ်လား။ ကိုယ့်အိမ်ဆိုတော့ ခေတ်ဆန်စေချင်တယ်။ သာသာယာယာ ဖြစ်စေချင်တယ်။ သူများတွေကြည့်လိုက်ရင် ခမ်းနားစေချင်တာပေါ့ဗျာ။ (ဒါက ဖြစ်ချင်တာ what should be ပေါ့ဗျာ။) တကယ်တန်းကျတော့ တော်တော်လေးကြာမှ သိလာရတာက ခြတွေတက်နေတာဗျ။ အရင် ရေနံချေးပဲသုတ်တုန်းကတော့ မသိဘူး။ နောက်ပိုင်း ဟိုအရောင်မှ ဒီအရောင်မှ ဖြစ်လာတော့မှ ခြတွေက ကောင်းကောင်း လိုက်လာတာ။ (ဘာ ဖြစ်နေတယ်ဆိုတဲ့ what is ပါ။) အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ပြသနာစတက်တော့တာပဲ။ ( problem is the gap between what is and what should be)။ ခြက အောက်ခြေမှာ ကျတော့ မြင်သာတယ်ဗျ။ အုတ်နံရံဆိုတော့ လမ်းကြောင်းလေးတွေ မြင်နေရတာကိုး။ အပေါ်လည်းရောက်ရော သစ်သားတွေထဲဝင်သွားပြီး အတွင်းက လှိုက်စားတော့တာပဲ။ ဘယ်လောက်ခြကိုက်နေပြီလဲဆိုတာ အမြင်လေးနဲ့တော့ လုံးဝ မသိဘူးဗျ။ လိုက်ခေါက် ကြည့်မှသိတာကိုး။ ဆင့်တန်းတွေထိ တက်ပြီး ခေါက်ကြည့်ဖို့ဆိုတာကလည်း မလွယ်လှဘူးဗျ။ ( နောက်ထပ် ပြသနာကို ထပ်ပြီး problem situational analysis and problem SWOT analysis ထပ်လုပ်ထားတာပါ။ ) အဲ.. ဒါပေမယ့်။ သူ့အပေါ်ကမျှားတန်း က ပိပြီး ချိုင့်သွားရင်တော့ တက်မခေါက်ကြည့်ပဲလည်း ခြတက်နေပြီဆိုတာ သိရတာကိုး။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။
အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့.. တံခါးပိတ်တွက်ကပ်တာရယ်၊ မီးရေးထင်းရေးရယ်၊ သူခိုးကပ်မှာစိုးရိမ်ရတာရယ်၊ ခြစားတာရယ်၊ ပြသနာ ပေါင်းစုံကို ဘယ်ဟာ အရင် ဖြေရှင်းရမလဲဆိုတာ ဆုံးဖြတ်ကျတာပေါ့ဗျာ။ (problem prioritization လုပ်လိုက်တာပါ။ FINER method တို့ subjective and objective method တို့ကတော့ ရိုက်ရတာ လက်ညောင်းလို့ မထည့်တော့ပါဘူး။) နောက်ဆုံးကျတော့ ခြက အရေးအကြီးအဆုံး ဖြစ်လာတာပေါ့။ ဒါနဲ့ တစ်ခါထပ်ပြီးတော့ ခြဘယ်လိုတက်တယ်။ ဘယ်ကနေတက်တယ်။ ခြလမ်းကြောင်း ဘယ်လိုရှိတယ်။ အကုန်ပေါ့ဗျာ။ ခြနဲ့ ပါတ်သက်တာ အကုန် ကြည့်ရတာပေါ့။ အဲဒီမှာ တွေ့လာတာက ခြက အောက်ထပ်မှာ သိသာတယ်ဗျ။ မြင်သာတယ်။ ရှင်းရတာလည်း လွယ်တယ်။ လမ်းကြောင်းလေး ပွတ်ချေပြီး ဒီဇယ်လောင်းလိုက်ရင် ပြတ်တာပဲ။ နေပေရော့ အဲဒီလမ်းကြောင်းကတော့ နောက် ၂ လ ၃ လ ပြန်မတက်တော့ဘူး။ ခြကလည်း အောက်ထပ်မှာ ကျတော့ လောက်လောက်လားလား စားလောက်စရာမရှိဘူးလေ။ တိုက်ခံအိမ်ကိုး။ သူက အပေါ်တက်ဖို့ လမ်းကြောင်းရှာတာသက်သက်ပဲဟာ။ တစ်ခုပဲ။ ဒီလမ်းကြောင်းဖျက်လိုက်ရင် နောက်လမ်းကြောင်း ရှာပြီးတက်ပြန်တာပဲ။ ဒါပေမယ့် စောစောကအတိုင်းပဲ ရှင်းလိုက်ပြန်ရင် နေပေရော့ ၂ လ ၃ လ။ ခက်တာက အပေါ်ထပ်မှာပဲ။ သစ်သားပေါ် ရောက်တာနဲ့ ခြက မမြင်ရတော့ဘူး။ အတွင်းထဲ ဝင်သွားလိုက်တာ ဘယ်လို လမ်းကြောင်းက သွားမှန်းကို မသိတော့တာပဲ။ အမြင်နဲ့တင် ပြောလို့ မရတော့ဘူး။ လိုက်ခေါက်ကြည့်ရတယ်။ လှိုဏ်သံပါရင် ခြစားနေပြီ။ လှိုဏ်သံမပါရင် ခြမစားသေးဘူးပေါ့။ ဒါပေမယ့် တကယ်တန်း အပေါ်တက်ပြီး လိုက်ခေါက်နေတော့လည်း အဆင်မပြေဘူးဗျ။
စိတ်ထဲမှာ မသေချာဘူးပေါ့။ ရမ်းသန်းပြီး ပြောနေရသလိုပဲ။ သေချာပေါက် ကျွမ်းကျင်တဲ့သူရဲ့ သုံးသပ်ချက်လိုတာပါ။ ဒီတော့ လမ်းထိပ်က လက်သမားဆရာကို ခေါ်ပြီး ဘယ်တန်းတွေ ဘယ်ဆင့်တွေ ဘယ်ယောက်တန်းတွေ ဘယ်မျှားတန်းတွေ ခြစားနေသလဲ ဆိုတာ ပြရတယ်။ သူက တော့ တန်းပြောတာပဲ။ အမြင်လေးနဲ့ တင် ဟိုတန်း ဒီတန်းပေါ့ဗျာ။ ယုံစရာတောင်မရှိဘူး။ အမြင်လေးနဲ့ ပြောတာ။ ဘယ်လက်ခံမလဲ။ မောင်ဂုရုတို့ အဖေက နောက်တစ်ယောက် ထပ်ခေါ်ဆိုခိုင်းတာပဲ။ နောက်တစ်ယောက်လာလဲ။ ဒီလိုပဲ။ ကြည့်ယုံပဲ ကြည့်ပြီးပြောတာပဲ။ ပထမလူပြောသွားတာတွေပါပဲ။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင်တက်ပြီးခေါက်ကြည့်။ ဟုတ်တယ်ဗျာ။ သူတို့ ပြောတာတွေ အကုန် ကွက်တိ။ (Problem situational analysis and problem identification နဲ့ use of out-source person ပေါ့ဗျာ။ trust management တို့ policy adjustment တို့ လည်း ပါသေးတာပေါ့။ )
ဆက်ရန်………..

January 14, 2010

ဒါဖတ်ပြီးမှ… အိမ်ထောင်ပြုပါ.. (ဟေ..ဟေ့)

Filed under: Uncategorized — gurugyi @ 3:52 pm

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ… ဗမာမှရယ်မဟုတ်ပါဘူး။ ဘယ်သူမဆို လူမှန်သမျှ အရေးကြီးတယ်လို့ ခံယူ ထားကြတာချည်းပါပဲ။ ခုမြင်ခုကြိုက် ခုယူ ဆိုတာတွေလည်း ရှိသလို… သေချာ စဉ်းစားစောင့်ကြည့်လေ့လာ သုံးသပ်အကဲခတ် မှတ်ကျောက်တွေ တင်ပြီးတော့မှ ယူကြသူတွေလည်း ရှိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်မိသားနဲ့ တစ်မိသား နှစ်ကိုယ့် နှစ်စိတ် တစ်အိပ်ယာထဲ ရွှေလည်တွဲလို့ ထမင်းရည်ပဲ လျက်လျက်.. ဟိုတယ်ပဲတက်တက်.. ရေရှည်ပေါင်းသင်းလာတဲ့ အခါကြတော့ … အမြင်မတူတာတွေ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာပြီး… အလိုမကျတာ… အလိုမမျှတာ… အပေးအယူမကိုက်တာလေးတွေကြောင့်… ဒေါသထွက် အမျက်သို.. မလိုလားနိုင်တာတွေဖြစ်လာတာပေါ့။ (ဆရာလုပ်တယ်မထင်ပါနဲ့။ အကောင်းပြောနေတာ။ ဟို နောက်ဆုံးတန်းက ကလေးတွေ ငြိမ်ငြိမ်နေကြ။)
အဲဒီတော့ ဘယ်လိုလေးတွေ ကြိုတင်ပြင်ဆင်ထားရင် ကောင်းမလဲ ဆိုတာ မောင်ဂုရုစဉ်းစားမိတာလေးပါ။ သမီးရည်းစား ဖြစ်ပြီး တွဲဖို့လောက်တော့ မောင်ဂုရုပြောတာတွေ နားထောင်မနေနဲ့တွဲသာတွဲ… ကွဲသာကွဲ… မင်းကောင်မလေးကို ခေါ်လာခဲ့ ငါတို့က ပြဲမှာပဲ။ အဲ… လူသိနတ်ကြား ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် ပေါင်းသင်းတော့မယ်ဆိုရင်တော့.. ဆက်ဖတ်ပေါ့နော…။
အိမ်ထောင်ပြုတော့မယ်ဆိုရင် လူယောကျာင်္းရော၊ လူမိန်းမရော ထည့်စဉ်းစားသင့်တယ်ထင်တာလေးတွေပါ။ သဘောမတူတော့လည်း.. သဘူမတောနဲ့ပေါ့ဗျာ.. ဘာပြောစရာရှိမှာတုန်း… မောင်ဂုရုတို့ က အကောင်းအကြံပေးတာ။
(၁) ပညာအဆင့်အတန်း
ကိုယ်ယူမယ့်သူရဲ့ ပညာအဆင့်အတန်းကလည်း လိုတာပဲဗျ။ ခင်ဗျားတို့ဘယ်လောက်ပဲ ဗမာပြည်ရဲ့ ပညာရေးကို ကောင်းတယ်ထင်ထင် မကောင်းဘူးထင်ထင်။ ဒီလိုခေတ်ထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ပက်လက်လှန်ထားသလို.. အဲလေ.. ဆယ်တန်းလေးမှ အောင်မထားရင် သူငယ်ငယ်က ဘာလုပ်နေတာတုန်းလို့ မေးရမှာပဲ။ မိသားစု အခြေအနေ၊ ဘဝပေးကံတို့ ပြောမယ်ဆိုရင် ခဏအောင့်ထားဦး၊ မောင်ဂုရုကတော့ အနည်းဆုံး ကိုယ်ယူမယ့်သူက ဆယ်တန်းလောက်တော့ အောင်သင့်တာပေါ့။ ကိုယ်တိုင်က မအောင်ရင်တော့ ဒီအချက်ထည့် မစဉ်းစားနဲ့။ သာတူညီမျှဖြစ်ဖို့တော့ လိုသေးတယ်လေ။
(၂) ငွေကြေး
ကိုယ့်နဲ့ သိပ်မကွာတာက ပိုကောင်းတယ်။ သိပ်ဆင်းရဲလွန်းတာ သိပ်ချမ်းသာလွန်းတာ တွေက အပေးနဲ့ အယူမှာ မမျှတ ဘူးလို့ ထင်တတ်တယ်။ အဲဒါတွေက စကားနာ ထိုးစရာ ဖြစ်လာပြီး … ဖင်မဲတာမမဲတာတွေတောင် မသိခင်က ကွဲတတ်တယ်ပေါ့ဗျာ..။
(၃) မိဘဆွေမျိုး
သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်း သင့်တင့်နိုင်ပါ့မလား ကြည့်ရသေးတယ်ဗျ။ အို .. ၂ ယောက်တည်းပေါင်းတာပဲ။ သူတို့ချင်း မသင့်မြတ်တော့ ရော ဘာဖြစ်သေးတုန်းလို့ ပြောချင်လည်း ပြော။ တကယ်တော့ ပါတ်သက်စပ်ယှက်မှုလေးတွေတော့ ရှိတာပါပဲ။ လင်မယား ၂ယောက် ရှိတဲ့အတွက် လင်ဘက် မယားဘက် ဆိုတဲ့ ဘက်၂ဘက်ကတော့ အနည်းနဲ့အများပါလာတာပါပဲ။ လင်ပိုစားလို့ မယားကြည်ပေမယ့် လင့်ညီက အသားလွတ် ခဏခဏ ဝင်ကြိတ်သွားတော့ မယားက ညိုညင်..။ လင်ကလည်း ထိုနောင်းလကီးဆိုရင်တော့ ဖင်မမဲကွဲ..ပဲ။
(၄) အတွေးအခေါ်
သူ့အတွေးအခေါ်က ကိုယ့်ထက် သိပ်နိမ့်နေလွန်းရင် လည်း မကောင်းဘူး။ ကိုယ်ဘာပြောလို့ ပြောမှန်း သိမှာ မဟုတ်ဘူး။ ကိုယ်လွယ်လွယ်လေးမြင်တာကို သူ့ပြန်ရှင်းပြနေရတာက တစ်ထောင့်တစ်ည ဖြစ်သွားတာနဲ့ ပဲ ကလေးက ၃ နှစ်လောက် နောက်ကျမှ မွေးရတယ် ဖြစ်နေမယ်။ သိပ်မြင့်လွန်းတဲ့သူကျတော့လည်း ကိုယ်က လိုက်မမှီလေတော့ လိုက် မှီအောင် အတင်းကြိုးစားတော့ ကိုယ်ပဲ စိတ်ညစ်၊ မကြိုးစားပဲ ထားတော့လည်း သူက ပြောလို့ဆိုလို့ မရတော့ သူ့ ဂွင်ရဲ့ အပြင်ကို ရောက်သွားရင်းက လင်မယားချင်း အလှမ်းဝေးပြန်ရော။ ဒါကြောင့် အတွေးအခေါ်ကလည်း မကွာဟလေပါမှ ဖင်လည်းမမဲ… အိုးလည်း မကွဲဖြစ်မှာကိုး။
(၅) အကျင့်စရိုက်
ဒါကတော့ ရှင်းတယ်။ ဒါပေမယ့် အသေးတော့စိတ်တယ်ဗျ။ သူ့အကျင့်၊ ကိုယ့်အကျင့် နည်းနည်းတော့ ကီးကိုက်ဖို့လိုသေးသဗျ။ ကိုယ်က စိတ်ညစ်ရင် ကာရာအိုကေ ကောက်ဆိုပြီး ဖြေဖျောက်တယ်။ သူက စိတ်ညစ်ရင် တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေချင်တယ်။ ၂ ယောက်စလုံး ပြိုင်စိတ်ညစ်စရာတွေက နေ့စဉ်နီးနီးရှိနေတော့ တစ်အိမ်ထဲမှာ.. ဘယ်လိုမှ ကီးက မကိုက်ချင်တော့ဘူး။ အဲဒီတော့ ဘာဖြစ်လည်း နောင်ဂျိန်.. နောင်ဂျိန်ပေါ့ဗျာ။ ဆေးလိပ်နံ့တောင် မခံနိုင်တဲ့ မိန်းမနဲ့ ဖွတ်ဖင်ထိုးအောင် သောက်တဲ့ ယောကျာင်္း.. လင်မယားဖြစ်နေတာတော့ တစ်ပုံကြီးပေါ့။ သူတို့တွေ နောင်ဂျိန်တွေ တစ်ပုံကြီးပဲလေ။
(၆)ရုပ်ရည်
ကြည့်ပျော်ရှုပျော်တော့ ဖြစ်ပေါ့ဗျာ..။ ဆိုလိုတာက ယောကျာင်္းလည်း ယောကျာင်္းအလျောက် မိန်းမလည်း မိန်းမအလျောက် တော့ ပီပီပြင်ပြင်လေးပေါ့။ ဒါကို ဆိုလိုတာပါ။ သိပ်ချောလွန်းတော့လည်း စိတ်မချရ၊ သိပ်ရုပ်ဆိုးလွန်းတော့လည်း ပွဲလည်မတင့်…၊ သင့်တင့်ဖို့ဆိုရင် ပိုကောင်းတာပေါ့။
(၇) ကလေး
ကလေးလိုချင်တာ မလိုချင်တာကလည်း မျှဦးမှ။ ကိုယ်က လိုချင်၊ သူကမလိုချင်ဆိုရင် သူများဝင်ကူမှ ကလေးတစ်ယောက် မွေးတော့မှာပေါ့။ (မဟုတ်ပါဘူး။ ချက်ကို လက်နဲ့ လာရစ်ပေးမှ ကလေးမွေးတာကို ပြောတာပါ။)
(၈)ရိုးသားမှု
မောင်ဂုရုဆိုလိုတဲ့ ရိုးသားမှုဆိုတာ ရိုးဖြောင့်တာကို ပြောတာပါ။ ထုံအတဲ့ ရိုးအတာကို ပြောတာမဟုတ်ပါဘူး။ ရိုးဖြောင့်တဲ့ အိမ်ထောင်ဖက် ဖြစ်မှလည်း တစ်ဦးကို တစ်ဦး နောက်ကျောလုံမှာကိုး။
(၉) အနာရောဂါ
အနာရောဂါလည်း ကင်းရှင်းဦးမှဗျ..။ ဘယ့်နဲ့ စိတ်ချမ်းသာချင်လို့ အိမ်ထောင်ပြုပါတယ်ဆိုမှ။ လူမမာချည်း စောင့်နေရလို့တော့ မဖြစ်သေးဘူးလေဗျာ။ နောက်ပြီး သိတယ်မဟုတ်လား ခုခေတ်က တယ်လည်း ရောဂါတွေက ကူးတတ်တာကိုး။

ဟာ..ဒီလောက်တောင် ဘယ်လိုလုပ်မလဲ… ရှာနေရမှာပေါ့။ ဖိနပ်ပါး ထမင်းထုပ်ကုန်ပဲ ဖြစ်မှာပေါ့။ လို့ပြောကြရင်လည်းပြောပါ။ ဒီအချက်တွေဟာ ညှိယူရမှာတွေပါ။ ညှိလို့ရမှ အိမ်ထောင်ပြုတော့ ပြသနာတော်တော်များများကို စလယ်တွေဘာတွေ ဝင်တောင် မဝင်ခင်ထဲက ပြေလည်အောင် ဖေခင်လုပ်လိုက်ပြီးသား မဖြစ်ဘူးလားဗျာ..နော။
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးအခေါ်များ အပိုင်း(၂.၈)

January 8, 2010

Online သူကြီးချင်း …(၂) မိနွယ်

Filed under: Uncategorized — gurugyi @ 1:06 pm

ခုမောင်ဂုရု အတင်းတုတ်ချင်တဲ့ တစ်ယောက်ကတော့ သူ့ကိုယ်သူ မိနွယ် လို့ နံမည်တတ်ထားတဲ့ အပြင်မှာ အကောင်လိုက် မြင်ဘူးတဲ့ မောင်ဂုရုရဲ့ ONLINE သူကြီးချင်းမ တစ်ဦးအကြောင်းဖြစ်ပါတယ်။ မျက်စိဖွင့်ဖတ်ကြည့်ပါ။
သူ့ကို ကျွန်တော် xchat ခေတ်ထဲက စတင်သိကျွမ်းခဲ့တာဖြစ်ပါတယ်။ xchat ရဲ့ #ygnchat နဲ့ #quiz တွေမှာ အမြဲလောက်နီးနီးတွေ့ရတတ်တဲ့ chat fighter ကြီး တစ်ဦး ဖြစ်ပါတယ်။ သူက nick အမျိုးမျိုးနဲ့ ဝင်တတ်ပေမယ့် အဲဒီ နွယ်ဆိုတဲ့ နစ်ကိုတော့ မှတ်ပုံတင်ထားတတ်ပါတယ်။ ထားပါတော့။ မောင်ဂုရုက အဲဒီတုန်းက အင်တာနက်လူငယ်ခြေတက်လေးဆိုတော့ “မ” နံမည်တွေတော်တော်များများကို ချက်ပါတယ်။ ခင်ဗျားတို့လည်း သိတာပဲ။ ချောက်တောက်ချောက်တောက်နဲ့ ဝမ်းတစ်ကျုတ်ကျုတ်ဟာတဲ့ အထိ ကျူတာပေါ့ဗျာ။ nick လှလှလေးများ တွေ့ရင် သိပ်စဉ်းစားမနေဘူး။ A/S/L Pls ဆို ကောက်ရိုက်လိုက်တာပဲ။ အဲဒီလိုနဲ့ Typing ကျင့်ရတာကိုးဗျ။ (တော်သေးတယ် Typing ကယ်ပေလို့။) ဟိုဘက်ဒီဘက် စကားပြောလို့ အဆင်ပြေလို့များတော့ လာထား ဖုန်းနံပါတ်နဲ့ လိပ်စာချည်း ဖိတောင်းတာ။ (တစ်မျိုး မတွေးနဲ့၊ ခင်သွားတော့ အလှူလုပ်ရင် ဖိတ်ရအောင်လို့။) များသောအားဖြင့်တော့ အာဝါဒါးတွေများပါတယ်။ အီစီကလီပေါ့ဗျာ။ တကယ်တမ်း အတွေးအခေါ်တူ၊ အပေးအယူမျှ၊ လေပေးဖြောင့်၊ အပေါက်အစပ်တည့်တာ ရှားသားပဲ။ မောင်ဂုရုဆိုရင် ဂွကျကျပြောတတ်တော့ အဲဒီတုန်းက ခင်တာ မိနွယ်၊ မေ (နောက်တော့ မေရှင်)၊ Acme ဆိုတာရယ် အထီးထဲက A1၊ သန့်စင်၊ ဒေဝဒတ်၊ ဒီလောက်ပါပဲ။ အဲဒီလူတွေအားလုံးထဲမှာ ကျွန်တော့်အတွက် မိနွယ်က လေပေးအဖြောင့်ဆုံး။ သူက ကူညီတတ်သေးတယ်။ xchat မှာ မှတ်ပုံမတင်တတ်တော့ သူပဲ မှတ်ပုံတင်ပေးတာ။ နောက် မြန်မာလိုရိုက်လို့ရတော့လည်း သုံးပုံသုံးနည်း သူပဲ ပြောပြတာ။ အဲဒီအချိန်ထိ အကောင်လိုက် မမြင်ဘူးသေးပါဘူး။ ပုဂံဖိုရမ်မှာ gathering လုပ်ကြတော့မှ မြင်ဘူးတာ။ အံမယ်လေးဗျာ.. အဲလက်စ်သီချင်းထဲက အတိုင်းပဲ။ ဝတုတ်ကြီး.. ဝတုတ်ကြီး.. ဝတုတ်ကြီး..ဟ။ ဆိုတာလိုပဲ။ မောင်ဂုရု ၃ ဆလောက်ရှိတယ်။(နည်းသွားလားမသိဘူး။) ရိုးရိုးမိနွယ်မဟုတ်ဘူး။ ဟဲဗီးမိနွယ်။ (ခုတော့ တော်တော်ပိန်သွားပါပြီ။ စုဇူ၊ ပီပီ၊ red rose၊ စတဲ့ လောကဓံ ၃ပါးက ဝိုင်းနှိပ်စက်လိုက်ကြတာကြောင့်ပါ။ )
လူကသာ ဝတာ စားတော့ နည်းနည်းလေးဗျာ..။ တကယ့် နည်းနည်းလေးမှ နည်းနည်းလေး။ (ကျွန်တော်တို့ ရှေ့မို့လားတော့ မသိပါဘူး။) ခင်တတ်တဲ့ နေရာမှာတော့ နိုးတူးပဲ။ တစ်ခါသားတော့ online အကိုကြီးတစ်ယောက် (ကျွန်တော် nick မေ့နေပါပြီ။ သူ့အမျိုးသမီးက ဂျပန်မ ဆိုတာပဲ မှတ်မိပါတော့တယ်။ အသက်တွေလည်း ကြီးပြီကိုး။) သူ့အိမ်မှာ အရက်သောက်နေတုန်း မောင်ဂုရုကို လှမ်းခေါ်ပါတယ်။ အရက်လာသောက်ပါတဲ့။ ခေါ်ခိုင်းတာက သိတဲ့ အတိုင်းမိနွယ်ပါ။ ဟိုရောက်တော့ မောင်ဂုရုခမျာ ကြောင်တက်တက်နဲ့ ဘာသောက်ရမှန်းမသိ၊ ဟို အကိုကြီးကလည်း မိန်းမမရှိတုန်း ကောင်းကောင်းပွေးနေတာ၊ ဂုရုချ.. ချ.. ကြိုက်တာချ.. ဆိုပဲ။ ဒါပေမယ့် Green label လည်းထုတ်ပေးရော.. ဂုရုချ.. မဟုတ်တော့ပဲ.. မိနွယ်ချ.. ဖြစ်သွားရော… မောင်ဂုရုက အသာ သားရေလေးသိမ်းလို့ grand royal လေးပဲ ကြိတ်ဟဲရတာပေါ့။ ဒေါ်မိနွယ်တို့ကတော့ ကွဲကြောင်.. ကွဲကြောင်နဲ့ ကိုဂုရု.. ခင်ဗျားကလည်း ချပါဗျ.. ဆိုပြီး.. အလှူလက်ဖက်နဲ့ မျက်နှာလုပ်တော့ တာပဲဗျ။ ဟုတ်ကဲ့.. ကျွန်တော်သိသော မိနွယ်ဆိုသော အဖွားကြီးက အဲဒီလိုလည်း အလှူလက်ဖက်နဲ့ မျက်နှာ လုပ်တတ်ပါသေးတယ် ခင်ဗျာ။
နောက် ကျွန်တော်တို့ online သူကြီးချင်းများ စုလို့ Helping Hands for new generation (HH4NG) ဆိုတဲ့ အဖွဲ့လေးလုပ်တော့လည်း ဦးဆောင်စည်းရုံးသူများထဲမှာ အဖွားကြီးမိနွယ်က ထိပ်ဆုံးတန်းမှာပါပါတယ်။ မောင်ဂုရုကို သူရယ် မဗေဒါရယ် မပါပါအောင်ခေါ်ကြတာပါ။ အဲဒီတုန်းကတော့ သူများတွေက ပိုက်ဆံတွေလှူနေကြတဲ့ အချိန် ကျွန်တော်တို့ အဖွဲ့လေးက ချို့ငဲ့တဲ့ ဖွတ်ကျောပြာစုလေးတွေဆိုတော့ လုပ်အားဒါန လုပ်မဟဲ့ဆိုပြီး.. အလှူရှင်ရှာ.. ရလာတဲ့ ငွေကို မိဘမဲ့ကျောင်းတွေကို လိုက်လှူပေါ့ဗျာ.. တညင်၊ လှိုင်သာယာ၊ ထောက်ကြန့်၊ တောင်ဥက်ကလာ၊ သင်္ကန်းကျွန်း တွေမှာ ရှိတဲ့ မိဘမဲ့ကျောင်းတွေကို လိုတာတွေ လိုက်လှူပေါ့ဗျာ..။ (မောင်ဂုရုကတော့ ဝင်စို့၊ထွက်စို့နဲ့ပဲ မပါနှစ်လှည့် ပါတစ်ခြမ်း ကန့်လန့်ကောင်ပေါ့ဗျာ။) ပြီးတော့ မှ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားတွေ နဲ့ သူ့ဟာသူ ဟုတ်ဟုတ်မဟုတ်ဟုတ် နေတဲ့ ကျောင်းတွေကို လိုက်ပြီး ဂေါပကလိုလို၊ ဝေယျာဝစ်စ လိုလို တွေလိုက်လုပ်၊ တစ်ခုခုလုပ်ပြီးတာနဲ့ ရန်ဖြစ်လိုက်ရတာအမော။ အဲဒီအဖွဲ့လေးမှာ အခုချိန်ထိ တက်ကြွစွာပါဝင်နေသေးတဲ့ ဒေါ်မိနွယ်ဟာ အဖွဲ့တွင်း အငြင်းအခုန် ဖြစ်လာတိုင်းမှာ လူနည်းတဲ့ ဖက်မှာ ဝင်ပါတတ်ပါတယ်။ မှန်တာ မမှန်တာထက် အားနည်းတဲ့ ဘက်က နေဝင်ပြီးအသားလွတ်ငြင်းပေးတတ်တာ ကတော့ ဒီအဘွားကြီအကျင့်ပေါ့။ (သူ့ body ကို သူ ယုံတာလည်း ပါမှာပေါ့လေ။)
မောင်ဂုရုအတွက် မမေ့နိုင်စရာကတော့ မိနွယ်တို့အိမ်မှာ ရွှေတောင်ခေါက်ဆွဲလုပ်စားတဲ့ နေ့ပါပဲ။ အဲဒီနေ့က မောင်ဂုရု က မအားပါဘူး။ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တစ်နေကုန်သွားနေရပါတယ်။ နေ့လည်လောက်မှာ ဖုန်းဆက်ပြီး ခင်ဗျားအပြန်ကျရင် အိမ်မှာ ရွှေတောင်ခေါက်ဆွဲဝင်စားပါ။ ဆိုတာနဲ့ မောင်ဂုရု လည်း အပြန်ညနေတော်တော်စောင်းမှ ဝင်လိုက်ပါတယ်။ သူတို့အိမ်ရောက်တော့ မောင်ဂုရု ရဲ့တစ်ရံတည်းသော ရှူးဖိနပ်လေးကို အိမ်ရှေ့ပေါက်မှာ ချွတ်လို့ အာရွှီးရင်း ရွှေတောင်ခေါက်ဆွဲ ၃ ပွဲ တိတိ အုပ်လိုက်ပါတယ်။ မလင်းလဲ့တို့ တောင်ရှိသေး။ ပြန်မယ်လည်းလုပ်ရော။ ရှူးဖိနပ်လေးက စိတ်ကောက်ပြီး လင်နောက်လိုက်သွားပါလေရော။ မတွေ့တော့ပါ။ ဟဲ့.. ရှာကြပါဟဲ့။ ကြည့်ကြပါဟဲ့ နဲ့။ သူရို့တစ်အိမ်လုံးလည်း ဟိုကြည့်ဒီကြည့်ဖြစ်နေတာပေါ့။ ဘယ်ရမလဲ။ ဖိနပ်ပါဆိုမှ ပြေးတတ်ပြီးသား။ အရာတောင်မကျန်ခဲ့ပါဘူး။ မောင်ဂုရု ခြေထောက်လေးသာ ခြေအိပ်အမွှာလေး ခါးထစ်ခွင်လို့ ငေါင်စင်းစင်းလေးဖြစ်ကျန်ခဲ့တာပေါ့။ ဒေါ်မိနွယ်တို့ တစ်အိမ်လုံး အားနာလို့ အတင်း ဖိနပ်တွေထိုးပေးတာ။ မိန်းမစီးတွေချည်းပဲ။ ပေးတဲ့ ယောကျာင်္းစီးကလည်း စကော သည်းကြိုးတပ်ထားတာကမှ သေးဦးမယ်။ ဘွတ်ဖိနပ်တစ်ရံပေးတာ စိတ်ကူးထဲက စွတ်ကြည့်ယုံနဲ့တင် ချာလီချက်ပလင်ကို လူကောင်ပိုသေးပြီး ဖိနပ်ပိုကြီးထားသလိုပဲ။ ဒါနဲ့ မောင်ဂုရုလည်း မာန်တင်းပြီး ခြေဗလာနဲ့ ပြန်လာရတာပေါ့။ သြော်… ရွှေတောင်ခေါက်ဆွဲ ၃ပွဲ = စနေနံတစ်ရံ။ အဲဒီအဘွားကြီး အခဲမကျေတာများ နောက် ၂ နှစ်လောက်ကြာတဲ့ အထိ မောင်ဂုရု ခြေထောက် ဆိုဒ်ဘယ်လောက်လဲ ပြန်ဝယ်ပေးမယ်ချည်းပြောနေတာ မနည်းကို ပြောယူရတယ်။ ဒေါ်မိနွယ်က အဲသလို အားနာတတ်ပြီး တာဝန်သိတတ်ပါသေးတယ်ဗျာ။
ပြန်ရောက်ရင် အဲဒီအဘွားကြီးကို ယူနန်မှာ လိုက်ပြီး ကျွေးရပါဦးမည်။

January 7, 2010

online သူကြီးချင်း… (၁) မဗေဒါ

Filed under: Uncategorized — gurugyi @ 12:28 pm

မောင်ဂုရုရဲ့ သူကြီးချင်းတွေ အကြောင်းပါ။ ဒီလူတွေ အကြောင်းမပြောခင် ဒီလူတွေကို ကျွန်တော်သိကျွမ်းတာ online က နေစတင်သိကျွမ်းတာပါ။ တစ်ချို့ကို အပြင်မှာ မြင်ဘူးသလို တစ်ချို့ကို အပြင်မှာ အကောင်လိုက် မြင်ဘူးခြင်းမရှိပါဘူး။ သို့သော်လည်း ကျွန်တော့် စိတ်ထဲ စွဲထင်ကျန်ခဲ့တဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကနေတဆင့် ကျွန်တော်မြင်တဲ့ အကြောင်းလေးတွေ ပြောချင်လို့ပါ။ တကယ်လို့ ကာယကံရှင်တွေက သူတို့အကြောင်း မပြောပါနဲ့လို့ လာတားလည်း ပြန်ဖြုတ်မပေးနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ကျွန်တော် မြင်တဲ့ အမြင်သက်သက်ပဲ ပြောမှာမို့လို့ပါ။ နောက်တစ်ခုကတော့ နံမည်တွေပါ။ online ပေါ်က ကျွန်တော်သိတဲ့ နံမည်များကို သာ ပြောမှာပါ။ တစ်ချို့ နံမည်ရင်းများကို သိပေမယ်လို့ မဖေါ်ပြနိုင်ပါဘူး။
လူပါမြင်ဘူးတဲ့ သူတွေကို တစ်ပိုင်းထားပြီး လူမမြင်ဘူးတဲ့ သူများကို တစ်ပိုင်း ပြောပါ့မယ်။
အကောင်လိုက်မြင်ဘူးတဲ့ online သူကြီးချင်း
(1) Hyacinth
မဗေဒါအကြောင်းက အရင် စပါရစေ။ သူ့ကို ပုဂံဖိုရမ်တုန်းက စသိတာပါ။ အဲဒီတုန်းက သူကလည်း တော်တော် ရေးနိုင်တဲ့ အဘွားကြီးပေါ့။ အကြောင်းအရာပေါင်းစုံ ဝင်ပါတတ်ပါတယ်။ နောက်ပိုင်းကျတော့ လူမှုရေး အလှူအတန်း တွေကို တာဝန်ခံပြီး ဆောင်ရွက်တဲ့ နောက် ကို လိုက်သွားပါတယ်။ ခုချိန်ထိလည်း လူမှုရေးတွေတော်တော်လုပ်နေတုန်းပါ။ အပြင်မှာ မြင်ဘူးတာကတော့ ကန်တော်ကြီး က ရေလည်ကျွန်းတစ်ခုမှာ gathering လုပ်တုန်းမှာတွေ့တာပါ။ သူက ကျွန်တော့်ကို ကြည့်ပြီးတော့ ဂုရုကို ဗေဒင်ဟောရဦးမယ် ဆိုပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် အချက်အလက် တစ်ချို့ကို ပြောပါတယ်။ ကျွန်တော်က ဒီအဘွားကြီး ဘာလဲပေါ့။ ငါ့အကြောင်းတွေကို တော်တော်သိနေပါလားပေါ့။ ဘယ်ဟုတ်မတုန်း ခု သူ့ယောကျာင်္း ဖြစ်နေတဲ့ ကိုကောမက်ဆိုတာက အဲဒီတုန်းက သူနဲ့ online ပေါ်ကနေကျူနေတာ။ အဲဒီ ဘဲကြီးက မောင်ဂုရု အကို များနဲ့ အတူတူ အလုပ်လုပ်နေတာဆိုတော့ သိတယ်မဟုတ်လား။ ကျူစရာကုန်ကြမ်းပြတ်တော့ ဂုရုအကြောင်းရောက်သွားရင်းကနေ အကုန်လျှောက်ပြောတော့ သိနေတော့ တာပေါ့။ တစ်ခုသေချာတာကတော့ လူမှုရေးစိတ်ပြည့်ဝတဲ့ မဗေဒါဟာ… အငြင်းအခုန်၊ အခြေအတင် စကားဝိုင်းများ မှာ စိတ်ပျက်လက်ပျက်ဘေးထွက် ထိုင်နေတတ်တဲ့ အကျင့်တစ်ခု ရှိတာပါပဲ။ သူ့ကို ဝိုင်းကူသလို၊ အကြံပေးသလို အခါများစွာ ကျပ်ပေးတတ်တာကတော့ မနွယ် ပဲ ဖြစ်ပါတယ်။ (သူ့အကြောင်းကို နောက်မှပြောပါ့မယ်။ ) ။ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ ကိုက်နေ.. အဲ.. ရန်ဖြစ်နေတတ်ကြတဲ့ pretty princess နဲ့ suzu တို့ရဲ့ ဒဏ်ကို လည်း မဗေဒါက အိမ်တိုင်ယာရောက် ပင့်ဖိတ်ပြီး ခံလေ့ရှိတတ်ပါတယ်။ သို့သော်လည်း သူ့ကိုယ်သူလည်း ထင်၊ သူများတွေကလည်း မြှောက်ပေးတတ်တဲ့ အတွက် မဗေဒါဟာ ကာရာအိုကေ ကိုတော့ တော်တော်လေးကြိုက်ပါတယ်။ မယ်ဆိုချင် တစ်ဦးလို့တောင် ဆိုနိုင်ပါတယ်။ သူဆိုတတ်တာတွေကတော့ များသောအားဖြင့် တောကြိုက် သီချင်းတွေများတာပေါ့။ (မောင်ဂုရုတို့ က Hiphop 1st generation တွေ ဆိုနေတဲ့ အချိန်မှာ သူကတော့ ပုဂံလမ်းကစောင့်နေမယ်တို့ ကိုကိုယောကျာင်္းမဟုတ်ဘူးတို့ ဆိုတာပေါ့ဗျာ။ အန်းတိတ်ကြီးပေါ့။) gathering တွေဆိုရင် မဖြစ်မနေ လာတတ်လေ့ရှိပါတယ်။ အလှူခံပေးရမယ်ဆိုရင် မနေနိုင်မထိုင်နိုင် နိုင်ငံခြားအထိတောင် လှမ်းပြီး အလှူခံပေး၊ လက်ထိလက်ရောက် လိုက်လှူပေး၊ အိတ်စိုက်ပြီး အစီရင်ခံစာ ပြန်တင်ပေး လုပ်တတ်တဲ့ အင်မတန်မှ ဥပါသိကာမ ပီသတဲ့ အဘွားကြီးပါ။ ခုတော့ သူ့မှာ သမီးလေးတစ်ယောက်နဲ့ ယောကျာင်္းက ထားပစ်ခဲ့ပါတယ်။ (ကောက်ချက်မမှားပါနဲ့။ သူ့ယောကျာင်္းက နိုင်ငံခြားမှာ မိသားစု ဘဝရှေ့ရေးအတွက် ဝမ်းစာသွားရောက်စုဆောင်းနေတဲ့အတွက် ဒီမှာ သူနဲ့ သမီးလေးကို ထားခဲ့တယ်လို့ ဆိုလိုတာပါ။)
သူပြောလေ့ရှိတဲ့ စကားလေးကတော့ “အမကြီးတို့ကို ဘုရားက ကျွေးထားတာ” ဆိုတာပါပဲ။ တကယ်လည်း ဘုရားက ကျွေးထားတာပါပဲ။ ခင်တတ်တယ်။ ပျော်တတ်တယ်။ စိတ်တော့ တော်တော်ကို ပျော့ပါတယ်။ Red rose နဲ့ kelvin တို့လင်မယား ရဲ့ မင်္ဂလာဆောင်တုန်းက ဆိုရင် သူကိုယ်တိုင် မင်္ဂလာဆောင်သလားထင်ရအောင် တက်ကြွနေပေမယ့် သူ့သမီး နေမကောင်းတုန်းက မောင်ဂုရုဆီ မိနစ်၂၀ အတွင်း ဖုန်း ၃ ခါ တိတိ ဆက်ပါတယ်။
နောက်နေ့ကျတော့ နောက်တစ်ယောက်အကြောင်းပေါ့နော….။

January 6, 2010

ဆီကို ရေချိုး.. ဆေးရိုးမီးလှုံ..

Filed under: Uncategorized — gurugyi @ 4:33 pm

မောင်ဂုရုရဲ့ ဒွေးတော်က ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့ဖူးပါတယ်။ မီးဖိုချောင်သုံး တွေ အစုံရောင်း တဲ့ အရပ် ဆိုင်လေးပေါ့။ ငါးပြား၊ဆယ်ပြား ခေတ်ဆိုတော့ ဆီငါးပြားဖိုးလည်း ရောင်းတယ်။ ခွဲရောင်းလို့ရတာမှန်သမျှ ရောင်းတယ်။ အင်မတန်ရောင်းကောင်းတယ်။ သူများတွေက ဆီငါးပြားဖိုး မရောင်းတတ်ဘူးဆိုတဲ့ အချိန်မှာ သူ့ဆိုင်မှာ ရတယ်။ လက်လုပ်လက်စား အခြေခံလူတန်းစားတွေက အကုန်သူ့ဆီက ဝယ်ကြတယ်။ အဲဒီဆိုင်လေးကို သူ့သားသမီးတွေက ဆက်ဖွင့်တဲ့ အခါကြတော့ မောင်ဂုရုလည်း မကြည့်ချင်မြင်လျက်သား၊ မသိချင် ကြားလျက်သား၊ ကုန်စုံဆိုင်များရဲ့ အကြောင်းတွေ သိလာရတော့တာပေါ့။
ပြောချင်တာက ဆီအကြောင်းလေးပါ။ ဆီကို နေရာတကာမှာ သုံးပါတယ်။ မောင်ဂုရုတို့ကတော့ ဆီကို ဘယ်လိုပဲ မသုံးပါနဲ့ဆိုပြီး တီဝီကြီးကပဲ အော်အော်၊ အင်တာပဲ ဗျူးဗျူး၊ လောကြီးနဲ့ပဲ ဟစ်ဟစ်၊ စားမှာပဲ။ ဆီမပါပဲနဲ့တော့ ဘာအရသာ ရှိမှာလည်းဗျာ။ ဒီတော့ စားတာပေါ့။ စားတဲ့ဆီက ဘယ်ကဝယ်လဲဆိုတော့ အဲဒီဝမ်းကွဲတွေ ဆိုင်က ဝယ်တယ်။ သူများရောင်းတာက ဈေးသက်သာတယ်ဗျ။ ကျွန်တော်တို့ရောင်းတော့မှ ဈေးကြီးတာ။ ဘာရမလဲ။ ပြောလိုက်ဆိုလိုက်တာဆို နာတတ်တဲ့သူဆို အိပ်ယာထဲကတောင် ထနိုင်မှာ မဟုတ်ဘူး။ မောင်ဂုရုတို့က အကောင်းသာ မပြောတတ်ရှိရမယ်။ စကားနာတော့ ထိုးသလားမမေးနဲ့။ ဒါပေမယ့် အမဝမ်းကွဲကတော့ အေးဆေး။ ဈေးကလည်း ကြီးမြဲ။ ဒါနဲ့ မသိမသာ အိမ်လည်သွားသလိုလို ဘာလိုလို နဲ့ တစ်စေ့တစ်စောင်းအကဲခတ်တော့မှ၊ ကျွန်တော့်ကို ဈေးကြီး တင်ရောင်းမှန်း သိတော့တယ်။
ဒီလိုဗျ၊ မောင်ဂုရုက ပဲဆီပဲ စားတာဆိုတော့ ဆိုင်မှာ ရောင်းတဲ့ ပဲဆီကို မရောင်းဘူး။ သူ့ဟာသူ မှာတဲ့ ပဲဆီကို အရင်းအတိုင်း ပြန်ပေးတာ။ အဲဒီ ပဲဆီက လှော်ပဲဆီဆိုတဲ့ ဆီ။ မြေပဲကို လှော်ထားတာပေါ့ဗျာ။ ပြီးမှ ဆီကြိတ်ထားတာ။ အဲဒါက အစစ်။ ဈေးက အလွန်ကြီး။ အဲဒီအတိုင်းပြန်ရောင်းရင် သူက အထားမခံတာရယ်။ (၂ ပတ်လောက်ကြာရင် အနယ်ကျပြီး ဆီချေးစော်နံလာရောဗျ။) ဈေးကြီးလို့ မဝယ်ကြပဲ ကြာကြာထားရလို့ ပျက်စီးမှာရယ်ကြောင့် အရောအနှောလေးလုပ်ရောင်းတယ်။
ဘယ်လိုရောလဲဆိုတာပြောပြချင်လို့ပါ။ လက်ရှိ ပဲဆီ တံဆိပ်တပ်ထားတာမှန်သမျှ ဒီအတိုင်းလုပ်ကြတာပဲ။ သူက နည်း အများကြီးရှိတယ်။ အဓိက ၂ နည်းကို လူသုံးများတယ်။
(၁) ဆုံဆီ (သို့) လှော်ပဲဆီ ရောနည်း
စားအုံးဆီ တစ်ပေပါကို မီးတိုက်ပြီး ပျော်အောင်လုပ်လိုက်ပါတယ်။ အဲဒီအခါကျတော့ အဲဒီစားအုံးဆီက ရေခဲသေတ္တာထဲမှာတောင် မခဲချင်တော့ပါဘူး။ အဲဒီ စားအုံးဆီ မီးတိုက် တစ်ပေပါကို ဆုံဆီ (သို့) လှော်ပဲဆီ ၅ ပိသာ နဲ့ ရောနှောလိုက်တဲ့ အခါမှာ အပ်ချလောင်း… ပဲဆီ ဖြစ်သွားလေသတည်း။…..
(၂) ပဲဆီနံ့ရောနည်း
စောစောက စားအုံးဆီ မီးတိုက် တစ်ပေပါကို တရုတ်မှ လာသော ပဲဆီနံ့ ကို ရောတဲ့နည်းပါ။ အဲဒီပဲဆီနံ့ ဆိုတာက ပယ်နယ်ဆီလင် တစ်ပုလင်းစာကို မြန်မာငွေ ကျပ် တစ်သောင်းခွဲခန့် ပေးရပါတယ်။ အဲဒီ အနံ့ကို ရောလိုက်တာနဲ့ အပ်ချလောင်း… ပဲဆီစစ်စစ် အိမ်အရောက် ဖြစ်သွားပါတော့တယ်။
ဒါကိုလည်း တွေ့ရော မောင်ဂုရု အမဝမ်းကွဲကို ဘာမှ မပြောတော့ဘဲ ခုလို လူမသိသူမသိ နေရာလေးမှာ လာရေးရတာပါခင်ဗျာ။
တကယ်လို့များ သူငယ်ချင်းများက ပဲဆီ စစ်စစ်လေးများစားချင်တယ်ဆိုရင် အောက်ပါအချက်များကို လိုက်နာကြပါ။
(၁) တောက အမျိုးများကို အဆက်မပြတ်ပါစေနဲ့။ (ဒါမှ ဆုံဆီစစ်မှာလို့ရမှာကိုး)
(၂) ဆီစက်ပိုင်တဲ့သူကို ကောင်းကောင်းမိတ်ဆွေဖွဲ့ထားပါ။ (ဒါလည်း ဖြစ်တယ်။)
(၃) ဘယ်လိုမှ မဖြစ်နိုင်ရင် ကိုယ့်ဟာကိုယ် ဆီကြိတ်စားပါ။ (ဒါကတော့ အသေချာဆုံးပဲ။)

Next Page »

Create a free website or blog at WordPress.com.

Follow

Get every new post delivered to your Inbox.