မောင်ဂုရု သရော်သည်။

November 2, 2012

ယုတ္တိအမှား (၂)၊ မျိုးရိုး

ကြားဖူးကြမှာပါ။ “သူတို့မျိုးက အရူးမျိုး”တို့၊ “ဟဲ့ မျိုးမကောင်းလေးရဲ့” တို့၊ “ဒီမျိုးမစစ်ကောင်ပြောတာများ”တို့ဆိုတာ တွေကို နေ့စဉ်မဟုတ်တောင်၊ ရင်းနှီးတဲ့ အသုံးအနှုံး အနေနဲ့တော့ သိကြမှာပေါ့။ ဒီစကားလေးတွေက သေးနုတ် သိမ်ဖျင်းပေမယ့် တော်တော်တော့ တာသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ ညွှန်ကြားတာပဲဖြစ်ဖြစ်၊ ဒီလိုကောင်မျိုး ပြောတာကတော့ ရွှေထွက်တောင် အလကားပါကွာ ဆိုတာမျိုးကြောင့် အင်မတန် ကောင်းလှပါတယ် အကျိုးရှိလှပါတယ်ဆိုတဲ့ ဆွေးနွေးချက်၊ အကြံပေးချက်၊ ညွှန်ကြားချက်တွေဟာ ရေစုန်မျောသွားတတ်ပါတယ်။
ရာဇဝင်ကို ပြန်ကြည့်ရင် ပုပ္ပါးစောရဟန်းမင်း ကို မထင်မရှား တွေ့ရမှာပါ။ တကယ်တော့ ဒီမင်းဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လောက်ကောင်းခဲ့သလဲ၊ သိပ်မသိကြပါဘူး။ တကယ်တော့ ဒီမင်းဟာ အလုပ်တွေတော်တော်များများကို ပျိုးထောင်ခဲ့တဲ့ မင်းပါ။ အချိန်ကာလတွေကို တိကျစေခဲ့တယ်။ ပညာရှိတွေကို အတန်းအစားခွဲခြားပေးခဲ့တယ်။ အလုပ်အကိုင် တွေကို စနစ်တကျ အုပ်စုများသတ်မှတ်ပေးခဲ့တယ်။ အရန်စစ်အင်အား ဖွဲ့စည်းပုံအခြေခံတွေကို လွယ်ကူအောင် ပြန်လည် ပြင်ဆင်ခဲ့တယ်။ အခြေခံအုတ်မြစ်ကောင်းတွေ အများကြီး ချမှတ်ပေးခဲ့တာပါ။ သို့သော် အပြောမပါတော့ အရာမဝင် သမိုင်းမထင်ခဲ့ရှာပါဘူး။ သက္ကရာဇ်ဖြိုတဲ့ မင်းတစ်ပါး အနေနဲ့သာ သိကြသလို။ ဒီမင်း အဖြိုမတတ်ရင် သေမှာဆိုတဲ့ ရာဇဝင် အူပေါက် ကောက်ချက်သာ တွင်ကျယ်ခဲ့ပါတယ်။
တကယ်တော့ လူတော်တော်များများရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ဝင်စားမှုက လတ်တလော ထင်ပေါ်ကျော်ကြားလူသိများတဲ့သူရဲ့ အပြောအဆို အပြုအမူ အတွေးအကြံကို သာ ကောင်းတယ်ထင်တတ် တာပါ။ မထင်မရှား လူက ပြောရင် ဘယ်လောက် မိုးပျံနေပါစေ။သိပ်ဂရုမစိုက်တတ်ကြပါဘူး။ အဲ.. လူမုန်းများပေ့ဆိုတဲ့ လူကများပြောရင် ဘယ်လောက် ကောင်းကောင်း.. ဆန့်ကျင်ဘက်တောင် လုပ်ဦးမှာပါ။
ဒီလိုမျိုး အကြောင်းအရာထက် ပြောတဲ့သူကြောင့် ဦးတည်ချက် မှေးမှိန်တာ၊ ဆန့်ကျင်ဘက်ဖြစ်ရတာတွေဟာ… မျိုးရိုးကြောင့်ဖြစ်တဲ့ ယုတ္တိအမှားတွေပါပဲ။
ရလဒ်ကောင်းလှချည်ရဲ့ဆိုရင်လည်း ဘယ်သူက ပြောမှန်းမသိရင် ထင်ရှားတဲ့သူကို ကောက်နံမည်တပ်ချင်တတ်ကြပါသေးတယ်။ တစ်ခြားမကြည့်ပါနဲ့ မင်္ဂလသုတ်မှာ “အထခေါ အညတရ ဒေဝတာ” လို့ ပါဠိလိုလာတာကို မထင်မရှားနတ်သားလို့ မပြောချင်တော့ သိကြားမင်း က မြတ်စွာဘုရားကို မေးလျှောက်တယ်လို့ အနက်မှား ပြန်ပေးကြတာကို လူသူတော် များက ဖန်တီးထားတာ တွေ့နေရတာပဲဗျာ။ ဒါမျိုးက မျိုးရိုးလိုက်ချင်တဲ့ အမှားတွေပါ။
အင်မတန် လည်ဝယ်ကြတဲ့ နိုင်ငံရေးသမားများကတော့ ကိုယ့်အပေါ် လူတွေ ဘယ်လိုသဘောထားသလဲ ဆန်းစစ်ပြီး ချစ်တဲ့သူများရင် တည့်တည့်ပြောပြီး ဆွဲဆောင်ပါတယ်။ လူမုန်းများရင်တော့ ဆန့်ကျင်ဘက်ကို ပြောပြီး ကိုယ်ဖြစ်ချင်တာကို အကောင်အထည် ဖေါ်တတ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက ဒီလိုမျိုး နည်းတွေကို သုံးလေ့သုံးထရှိပါတယ်။ ဒါကြောင့် သူ့နံမည်မကောင်းပေမယ့် နိုင်ငံရေးလောကမှာ ထိပ်ကနေ နေခဲ့တာပါ။
ဒီနေ့ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. ဒီအန်အေ ပြောင်းလဲတဲ့ အလုပ်ကို ပိတ်ပင်ထားတာတွေ့မှာပါ။ ဘာကြောင့်ပိတ်တာလဲ။ တကယ်တော့ ဒီအလုပ်ကို စလုပ်ချင်ခဲ့တဲ့သူကတော့ လူတကာချစ်တဲ့ စူပါမစ်မဟုတ်ပါဘူး။ အဒေါ့ဖ်ဟစ်တလာပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို ဒီအန်အေကို ပြောင်းဖို့ လုပ်တာဟာ ဖက်ဆစ်တွေရဲ့ အလုပ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာ စခဲ့တဲ့ ရေမပါပဲ မောင်းလို့ရတဲ့ ဗောက်စ်ဝက်ဂွန်တို့၊ လမ်းမိုင်နှုန်းသတ်မှတ်ချက်တို့ ဆိုတာတွေဟာ ခုကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးနေရတဲ့ စနစ်ဖြစ်မနေဘူးလားဗျာ။
လူကောင်းတယ် မကောင်းဘူး ဆိုတာထက် မူကောင်းတယ်မကောင်းဘူးဆိုတာက ပို အရေးကြီးသလား ဆိုတာ စဉ်းစားစရာပါ။
သေချာတာကတော့ ကောင်းတဲ့လူက မကောင်းမကန်း တွေ ထိုးကျွေးနေလို့ ကောင်းမှာပဲ ဆိုပြီး ဟပ်လိုက်ရင်ဖြစ်ဖြစ်၊ မကောင်းတဲ့သူက ကောင်းပေ့ဆိုတာ တွေ ထိုးကျွေးနေလို့ ဒီကောင်ကျွေးတာ ကောင်းမှာ မဟုတ်ပါဘူးဆိုပြီး ပုတ်ချလိုက်ရင် ဖြစ်ဖြစ်၊ ဒီလို အမှားမျိုးကို မျိုးရိုးယုတ္တိအမှားလို့ ခေါ်တယ်နော…..
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးအခေါ်များ.. အပိုင်း.. (၃၅.၅)

December 8, 2009

စဉ်းစားကြည့်ဗျာ…(၁)

မောင်ဂုရုတို့ ငယ်ငယ် အလယ်တန်းကျောင်းသားဘဝ တောမြို့လေးမှာ နေတုန်းက အကိုကြီးတစ်ယောက် ရှိတယ်။ သူ့မှာ မန်ကျည်းစေ့ ၂ စေ့စာလောက် ကြီးတဲ့ ဓါတ်လုံးတစ်လုံးကို လက်စွပ်ကွင်းပီး ဝတ်ထားတယ်။ အဲဒီဓါတ်လုံးအကြောင်းကို အမြဲကြွားလို့ သူ့ကို နံမည်ပြောင်ခေါ်တာက ဓါတ်သီးတဲ့။ လုံးဝစိတ်မဆိုးတဲ့ အပြင် အဲဒီနံမည်ကိုတောင် သူက ပိုကြိုက်သေး။ ထားပါတော့။ အဓိက က အဲဒီဓါတ်လုံးအကြောင်းပါ။ သူပြောတာကတော့ သူ့ဓါတ်လုံးက အဆိပ်အမျိုးမျိုးကို အင်မတန်နိုင်တယ်တဲ့။ ဘယ်အဆိပ်ကို မဆို ဓါတ်လုံးနဲ့ စိမ်လိုက် အဆိပ်ပြယ်တယ်တဲ့။ သူပေးတဲ့ ကိုယ်တွေ့ဆိုတဲ့ အကြောင်းက သူတို့ အိမ်နားက အရက်သမား သန်းထွန်းကြီး မက်သနောတွေသောက်ပီး အန်တာ။ ရေတိုက်မယ်လုပ်တော့ ရေကမရှိဘူး။ ရင်ပူလွန်းလို့ ရေချည်းတောင်းတာ။ ဒါနဲ့ နတ်စင်ပေါ်က အရက်ဖြူကို သူ့ဓါတ်လုံး စိမ်ပီး တိုက်လိုက်တာ။ မက်သနော အဆိပ်တောင် ပြေ ပီး ကိုသန်းထွန်းကြီး ကောင်းသွားတယ်တဲ့။ သူပြောတာကတော့ အရက်ကို သူ့ဓါတ်လုံးစိမ်လိုက်ရင် အရက် က ရေဖြစ်ပီး သောက်လို့ ရမယ်ပေါ့။ ခုတော့ သောက်လို့ ရတဲ့ အပြင် မက်သနော အဆိပ်ပါ ပျောက်သွားသေးပေါ့။ အဲဒီလောက် စွမ်းတယ်ပေါ့။ တကယ်လည်း အဲဒီအဖြစ်အပျက် ဖြစ်တာဗျို့။ အဲဒီတော့ အနည်းနဲ့ အများ ယုံကြတယ်။
မောင်ဂုရုတို့လည်း ကလေးဆိုတော့ ယုံတာပေါ့။ သူက လက်စွပ် ပြ ပြ ပီး ပြောရင် ဓါတ်လုံးကို ကြည့်လိုက် သူ့ကို ကြည့်လိုက်ပေါ့။ တစ်ခုရှိတာက ဇာတ်လမ်းတွေက အများသား။ တစ္ဆေနိုင်တာတို့၊ တုတ်ပီး၊ ဒါးပီးတို့၊ ခွေးမှန်သမျှ အမြီးကုပ်ပြေးရတာတို့။ နောက် သူ့ကိုယ်ထဲမှာ ထည့် ထားတဲ့ အပ် ၈၁ ချောင်းတို့ (သူက ရွှေရင်ကျော်ဂိုဏ်း ဝင်ထားတယ်ဆိုလား၊ သူ့ဆရာက သူ့ကိုယ်ထဲမှာ အပ်တွေ ထည့်ထားတယ်တဲ့ ၈၁ ချောင်းတောင်တဲ့၊ အသက် ၂၀ ကျော်လောက်က ထည့်တာ အဲဒီအချိန် အသက် ၄၀ ထိ ထန်းရည် ၅ ခါလောက် သောက်တာ အပ် ၇ ချောင်းလောက် ပြန်ထွက်သွားလို့ အပ် ၇၀ ကျော်ပဲ ကျန်တော့တဲ့ အကြောင်းကလည်း ပါသေးဗျ) နောက် ဓါတ်လုံးကို ညွှန်ပီး သွားရင် လမ်းမပျောက်ဘူးတို့၊ တော်တော်များတယ်။ ဥပမာတွေနဲ့ လူကလည်း စကားပြောကောင်းဆိုတော့၊ လက်ဘက်ရည်ဆိုင်မှာ သူလာပီဆိုရင် သူ့ကို ဝိုင်းကျပ်ရင်း သူစကားပြောကောင်းတာလည်း နားထောင်ရင်း ညည ဆို တော်တော်ဟုတ်တယ်။ အဲဒီတုန်းက ၈၈ အရေးအခင်းဖြစ်ခါနီးလေး။ မောင်ဂုရုကလည်း ၇တန်းကျောင်းသားဘဝ အကိုတွေနဲ့ လက်ဘက်ရည်ဆိုင်လိုက်ထိုင်ရင်း တော်တော်လေး လူရာဝင်သလို ခံစားနေရချိန်၊ ငယ်ငယ်က ဟီးရိုးထဲက ကိုဓါတ်သီးပေါ့။….. သြော်.. ပြောရဦးမယ်။ နောက်ဆုံးသူပြန်တော့မယ် ဆိုပီး စကားပိတ်ရင် ဓါတ်လုံးက သူ့ကို ဘယ်လို လာဘ်ရွှင်စေတယ်ဆိုတာနဲ့ ပိတ်တာပဲ။
သူ့ဇာတ်လမ်းတွေထဲမှာ အရက်ကို ဓါတ်လုံးစိမ်တာ ရေဖြစ်တဲ့ အပြင် မက်သနောအဆိပ်ပါ ပြေတယ်ဆိုတာကို အရမ်းသဘောကျတာ၊ ဖြစ်ချင်တော့ သူ့ဇာတ်လမ်းတွေ နားရည်ဝနေတုန်းပဲ၊ မြောက်ဥက်ကလာမှာ မက်သနော အဆိပ်သင့်လို့ သေကြပါရောလား။ ဒီတော့ ဟာ… ကိုဓါတ်သီး ရဲ့ ဓါတ်လုံးသာ ရှိရင် ဘာညာနဲ့ပေါ့။ အိုး… လက်ဘက်ရည်ဆိုင်မှာ ဘာပြောကောင်းမလဲ၊ တသောသောနဲ့ မာန်ထလို့ ကောင်းမှကောင်း.. ကိုဓါတ်သီးတို့များ…။
အဲဒီလိုနဲ့ မောင်ဂုရု တို့ ဆယ်တန်းအောင် တက်ကသီလာ ကို တက်လို့ ၂ နှစ်လောက် အရောက်မှာ နောက်တစ်ခါ အရေးအခင်းနဲ့ တက်ကသီလာတွေချည်း ပိတ်ပြန်ပါလေရော။ အဲဒီအချိန်တုန်းက ကျုံးတက်ဆိုတဲ့ ဘီယာ က တစ်လုံး ကို ၁၂ ကျပ်နဲ့ ခေတ်စားနေတဲ့ အချိန်၊ မောင်ဂုရုတို့ကလည်း တက်ကျမ်းတွေ ဖတ်ပီး၊ ဘီယာလေးတမြမြလုပ်နေတဲ့ အချိန်၊ ကျောင်းပိတ်လို့ တောပြန်ရောက်တော့ ဘီယာသောက်ဖို့ အဖေါ်က ရှာ မရတော့ဘူး။ ရွာက သာဂိတို့၊ နောက်တိုးတို့ကလည်း urbanization နောက် ကောက်ကောက်ပါအောင်လိုက်သွားလေတော့၊ မောင်ဂုရု ဘီယာစုပ်ဖို့ လူရှာရပါလေရော။
ငယ်ငယ်က ဟီးရိုးကြီး ကို ဓါတ်သီးကတော့ ရှိတုန်း၊ သူ့ဓါတ်လုံးတပြပြနဲ့၊ အသက်က ၅၀ နားကပ်သာလာတယ်။ ဟေးလားဝါးလား နေတုန်း။ ဒါနဲ့ သူ့ကို မရဲတရဲ အဖေါ်စပ်ကြည့်ရတယ်။ ဘီယာသောက်မလားပေါ့။ သောက်မယ်တော့ မထင်ဘူးလေ။ သူက အပ်တွေသွင်းထားတာကိုး။ ဒါပေမယ့် သူက သောက်မယ်တဲ့။ မောင်ဂုရုကလည်း သေချာအောင်ထပ်မေးရသေးတယ်။ ခင်ဗျားအပ်တွေနဲ့ ဖြစ်ပါ့မလား။ ဟုတ်တယ်လေ.. မတော် သောက်နေတုန်း အပ်တွေက ပါးစပ်ထဲက ထွက်လာတော့ ဘယ့်နဲ့ လုပ်မတုန်း။ သူကတော့ ဖြစ်ပါတယ်။ ငါ့အပ်တွေ မထွက်တဲ့ နည်းရှိတယ်တဲ့။ ဒါနဲ့ သောက်ကြရော။ သူကလည်း ဘီယာပဲတဲ့။ သူနဲ့ မောင်ဂုရု ကျုံးတက် တစ်ယောက်တစ်လုံးစီမှာရတယ်။ ငါက မင်းနဲ့ သောက်လို့ မရဘူးတဲ့။ ဘာများပါလိမ့်မလဲ လို့ ဘယ်ဟုတ်မလဲ။ ဘီယာကို ဓါတ်လုံးစိမ်သောက်တယ်။ ပီးတော့ မှ အဲဒီလိုစိမ်သောက်တော့ အပ်တွေလည်း မထွက်၊ သူလည်းမမူး ဘီယာ အရသာလည်း မပျက် သူလည်းသောက်လို့ရတယ်ပေါ့။ ကောင်းကောင်း ဓါတ်လုံးအကြောင်း နားဒုက္ဃ ပေးတာ။ သူတစ်ယောက်ထဲ ကျုံးတက် ၃ လုံးကုန်တယ်။ မမူးတော့ မမူးဘူးဗျ။ အံမယ်… တယ်ဟုတ်ပါလားပေါ့။ သူ့ဓါတ်လုံးက…
ကျောင်း ၂ နှစ်ပိတ်တဲ့ တစ်လျှောက် သူနဲ့ ပဲ အဖေါ်လုပ်သောက်ရတယ်။ သူကတော့ ထုံးစံအတိုင်း ဘီယာဓါတ်လုံးစိမ်ပဲ။ ဘယ်တော့မှ မမူးဘူး။
အဲဒါနဲ့ ကျောင်းပြန်တက်တော့ တတိယနှစ်ရောက်ရော.. စာထဲမှာ မက်သနောအဆိပ်အကြောင်းက ပါလာရော.. မက်သနောသောက်မိရင် အရက် စစ်စစ် ကို ပြန်တိုက်လိုက်ရင် ပျောက်တယ်ဗျ.. ဒါလည်း ဖတ်မိရော… ကိုဓါတ်သီးရဲ့ ဓါတ်လုံးအစွမ်းကို ဘွားခနဲမြင်လာတော့တာပဲ… ကိုသန်းထွန်းကြီး ပျောက်တာ.. သူ့ဓါတ်လုံး မှ မဟုတ်ပဲ.. နတ်စင်ပေါ်က အရက်ကြောင့်ကိုး… သူ အမြဲပြောတဲ့ သူ့ ဓါတ်လုံး လာဘ်ရွှင်တယ်ဆိုတာလည်း အမှန်ပဲဗျ… ကျောင်း ပိတ်တဲ့ ၂ နှစ်လုံးလုံး မောင်ဂုရုကချည်း သူ့ ကို ဘီယာ ဓါတ်လုံးစိမ်တိုက်ရတာ… ကိုယ်တော်ချောက ဓါတ်လုံးလေးနဲ့ မောင်ဂုရု အထင်ကြီး စိတ်လေးကိုမှီပီး… ဘီယာတွေချည်း လှိမ့်ကြိတ်တာ.. နည်းမှနည်းပဲ။ သူဖရီးကြိတ်တတ်လွန်းလို့ ဘယ်သူမှ မခေါ်တော့တာလေ။…
ဒါပေမယ့် မောင်ဂုရုတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝတွေထဲမှာ ပြန်ကြည့်တော့လဲ… ဓါတ်လုံးလေးပြလို့… အံ့ချည်းဘနန်း… အစွမ်းတွေကို တွင်တွင် (ရွတ်လို့) .. ဘယ်လိုကောင်းမှာ .. ဘယ်လိုဖြစ်လာမှာ… ဘယ်လိုလုပ်လိုက်တော့မှာ ဆိုတာတွေ ပြောပြောပီး … မောင်ဂုရုတို့ဆီက နှိုက်ထုတ်ယူငင်သွားကြတဲ့ သူတွေ များတော့အများသားနော်…
သူတို့ကို မောင်ဂုရုကတော့… ဘီယာဓါတ်လုံးစိမ်သောက်သူတွေ လို့ပဲခေါ်ချင်တယ်။…

December 3, 2009

ကိုယ့်ဒုက္ခကိုယ်ရှာတာ လား ဟင်….

ဒီ ကိစ္စ ကို မပြောတော့ဘူးလို့ နေပေမယ့် မနေနိုင်ဘူး… မနေနိုင်အောင် လာလာဆွနေကြတယ်။… ဓါတ်တမ်းနဲ့ တစ်မျိုး… လျှပ်စစ် စာပို့ နဲ့ တစ်ဖုံ… ဟိုနေရာ ကွိစိ… ကွစိ.. ဒီနေရာ တွတ်ကယ် တွတ်ကယ် နဲ့ … ကြာလာတော့ မျိုသိပ်မထား ချင်တော့ ဘူး….
ဖြစ်တဲ့ ရောဂါက တစ်ခု ခွဲတာ က တစ်ခု… သေသွားတယ်… လူနာရှင်က မကျေနပ်ဘူး… ဒါရှင်းရှင်းလေး…မကျေနပ်ဘူးဆိုရင် .. တရားစွဲပေါ့.. ဥပဒေရှိနေတာပဲ… အကုန်တရားစွဲပစ်.. လျော်ကြေးတွေ တစ်နင့်တစ်ပိုးတောင်းပလိုက်… လူကယ်တာ မဟုတ်ဘူး.. လူသတ်တာလို့ မြင်တယ်မဟုတ်လား.. တရားဥပဒေ ရှိတယ်… ရင်ဆိုင်လိုက်… ဆော်.. အပြတ်ဆော်.. နလံမထူနိုင်အောင် ဆော်… နည်းနည်းလေး ခေါင်းပြူတာနဲ့ ဆော်…. အားပေးတယ်…
ခုတော့ ဘယ့်နဲ့ဗျာ… အသံထွက်မှ လူသိ.. လူမိတော့မှ ကိုင်ကြည့်တာပါ ဆိုတာလိုပဲ… ထိုးကျွေးပစ်လိုက်သလို ခံစားရတယ်…
ဆရာဝန်မှားတယ် ဆိုရင်… အဲဒီဆရာဝန် က အဲဒီဆေးရုံမှာ ထင်ရာလုပ်ခွင့် ရလို့လား… ဒါဆို ဆေးရုံလည်းမှားတယ်… လုပ်ခွင့်ပေးထားတဲ့ လူတွေလည်းမှားတယ်..။ အားလုံးပါတယ်။
ခပ်တည်တည်နဲ့ လူလည်လုပ်ချင်တဲ့ တတ်ယောက်ကားတွေကလည်း များမှများ… နားမလည်ပါးမလည်နဲ့ … ဝင်ပီး ယောတောရှိနဲ့ နေရာဝင်ယူတာက ရှိသေး…။ ဘာတွေလဲ။ သေရေးရှင်ရေးတွေလုပ်နေတာ။ အမြတ်ထုတ်နေတာမဟုတ်ဘူး။ အားနည်းချက်ရှိတယ်ထင်ရင် အားနည်းချက်ကို ထောက်ပြ။ အားသာချက်နဲ့ နှိုင်းယှဉ်…။ မပြောပလောက်ရင် ချင့်ချိန်ပြ လိုက်.. တော်ရောပေါ့။
လှိုင်သာယာ မြွေဆိပ်ဖြေဆေး တုန်းက ဘယ် သကောင့်သားမှ ဒေါင်းတိမောင်းတိ အပုပ်ချကြလို့လဲ… ခုကြခါမှ… အံမယ်လေး တရားမျှတလိုက်ကြတဲ့ ဘိုးတော်တွေ ဘွားတော်တွေ…

November 24, 2009

သောက်ချီး…

တစ်မြန်နေ့က.. လူနာတစ်ယောက် သွားကြည့်ဖြစ်တယ်.. လူနာက ၉၄ နှစ် အဖွားကြီး… သားလုပ်သူက ပြုစုချင်လို့ဆိုပြီး ရန်ကုန်ခေါ်ထားတာ… အဘွားကြီးက တောက တောင်သူ… ရန်ကုန်မှာ မပျော်ဘူး.. ကြာလာတော့ … စိတ်ရောဂါရပြီး… စုန်းပဲ ပြုစားသလိုလို… ပယောဂပဲ ကပ်သလိုလို… ဖုတ်ပဲ ဝင်သလိုလိုနဲ့… တစ်ချိန်လုံး အနားမှာ ရှိတဲ့သူတွေကို ဆဲဆိုအော်ဟစ် နေတော့.. သားလုပ်သူက လာကြည့်ပေးပါဆိုလို့ သွားကြည့်တာ … လူပြုစားတယ်ထင်မယ်ဆိုလည်း ထင်စရာပဲ… ၉၄ နှစ် သာဆိုတယ်.. သန်လိုက်တာ.. လူကြီး ၃ ယောက် ချုပ်ထားတာ မနိုင်ဘူး။ လက်လွတ်ရင် လက်နဲ့ ကုတ်တယ်.. ခြေထောက်လွတ်ရင် ခြေထောက် နဲ့ ကန်တယ်… မရရင် ခေါင်းနဲ့တိုက်တယ်… ခေါင်းပါဖိထားတော့ … တံတွေးနဲ့ ထွေးတယ်…

သူတံတွေးထွေးတာက တွတ်ပီလိုပဲ… တည့်တည့် ထွေးတာ မထိဘူး… လွဲသွားတယ်။ လွဲမှာပေါ့.. သွား တစ်ချောင်းမှ မှ မရှိတာ… ရှေ့တည့်တည့် မထွက်ဘူး။ ဘေးနှစ်ဖက်ကို ပန်းထွက်တော့ တည့်တည့် ထိုင်နေတဲ့ ပယောဂ ဆြာဂုကို နည်းနည်းမှ မထိ..ထိန်းပေးတဲ့ သူက .. အားနာလို့ ခေါင်းကို ဆွဲလှည့်တော့မှ.. ဘေးစောင်းထွေးသလို ဖြစ်ပြီး.. မျက်နှာတည့်တည့် လာစဉ်တော့တယ်…။

အဲဒါနဲ့ ပယောဂ သမားစဉ်လေးတွေ အတိုင်း အိပ်မွေ့ချလိုက်တော့မှ ဘွားတော်လည်း အိပ်မောကျ.. အထက်ဆရာများ ပင့်ဖိတ်လို့ .. ရေမန်းတွေ ဆေးမန်းတွေ သွင်းပေးနဲ့… အဆင်ပြေတော့တယ်။

ပြောချင်တာက အဖွားကြီးရဲ့ အဆဲလေးကိုပါ…

တူလုပ်သူ။   ။ အဖွား… ဆရာလာတယ်။

အဖွားကြီး။   ။ ဘာဆရာလည်း.. ငါ့အမေ..ငါ့အဖေ.. အိမ်ဆောက်ပေးထားတာ.. ငါ့အိမ်မှာ.. သောက်ချီး…

မြေးလုပ်သူ။    ။ အဖွား.. ကို ဆေးထိုးပေးမလို့…

အဖွားကြီး။   ။ သောက်ချီး စားမလား.. ငါ့မှာ ၃-၄ တုံးလောက် ရှိတယ်။ ဘာဆေးမှ မထိုးနဲ့… နင်တို့ကို သောက်ချီး ပဲ ကျွေးမယ်..။ ခုတော့ သောက်ဆံတစ်ပြားမှ မရှိဘူး။ သောက်ချီးဝယ်ပေးလိုက်ချင်သေး..။

သားလုပ်သူ။   ။ အမေ.. ကောင်းကောင်း ပြောပါဗျာ…

အဖွားကြီး။   ။ နင်ဘယ်သူလဲ.. သောက်ချီးကောင်…။

ဆြာဂု။    ။ ကဲ.. အမေ.. ခဏလေးနော်… (ဘေးလှည့်ပီး .) ထိန်းထားပေး..

အဖွားကြီး။     ။ ဟဲ့ … သောက်ချီး ယူပီး ပြန်…(အိပ်မွေ့ချလိုက်တော့ အိပ်ပျော်သွားရော.. ထိန်းပေးတဲ့ သူတွေလည်း အလျှိုလျှို ထွက်သွားကြပါလေရော…)

အဲဒီနေ့က အဖွားကြီး အိပ်ပျော်သွားတော့ လုပ်စရာ ရှိတာ လုပ်ပီး.. ပြန်မယ်လုပ်တော့ သားလုပ်သူက အလုပ်သွား.. တူလုပ်သူက ဘယ်ရောက်မှန်းမသိ… မြေးလုပ်သူက အတွင်းခန်းထဲက မထွက်နဲ့… ပယောဂဆြာဂု တစ်ယောက်… သောက်ချီး ၃-၄ တုံးရှိတဲ့ အိပ်ပျော်နေတဲ့ အဖွားကြီး.. နောက် ဆုံးစကား သောက်ချီးယူပီး ပြန်လာခဲ့ရပါလေရောလား…