မောင်ဂုရု သရော်သည်။

January 5, 2010

ဗမာ..ပြက္ခဒိန်

Filed under: Uncategorized — gurugyi @ 1:17 pm

ကူးလိုက်ကြတဲ့ နှစ်သစ်ကူး… တစ်နှစ်ပတ်လုံးနီးနီး နှစ်သစ်ကို ကြိုနေလိုက်ကြတာ.. ဒါနဲ့ ဗမာလို နှစ်သစ်ကူးတာက ဘာလို့များဧပြီလ မှာချည်း ဖြစ်နေရတာလဲဆိုပီး လိုက်ရှာတာ ဘယ်မှာ မှ မတွေ့ဘူး။ wiki မှာလည်း လတွေရဲ့ ရက်ကွာခြားတာပဲတွေ့တယ်။ ဘယ်သူမှ အရေးတယူလုပ်ပြီး တင်ပုံမရဘူး။ မောင်ဂုရုကိုယ်တိုင်လည်း ဗမာတွေ ဘယ်လို နှစ်ကူးလည်း ဗမာဖြစ်ပြီး သက်တမ်းသာ တစ်ဝက်ကျိုးလာတယ်။ အမှန်အတိုင်းဝန်ခံတာပါ။ သိကို မသိတာ။ ခုကျခါမှ.. ကျောက်ထပြီး သိချင်လာပါရော။ ဒါနဲ့ လိုက်ရှာတော့ ဓါတ်နက်ကြီးရဲ့ ချောင်တစ်ချောင်မှာ J.C. Clancey (ဗမာလိုဆိုရင်တော့ ကလန်စီပေါ့ဗျာ။ ကလန်ကြီး ဦးစီပေါ့။) ဆိုတာက ၁၉၀၂ ခုနှစ်မှာ ရေးထားတဲ့ Burmese Calendar ဆိုတာလေးတွေ့တယ်။ ဖတ်လို့မရသေးဘူး။ သိုးဆောင်းပါဠိလိုတွေ ရေးထားလို့။ ဦးထွန်းငြိမ်း အဘိဓါန်ကြီးကို လှန်တော့မှ ဖတ်လို့ရတယ်။ ဒါလည်း နားမလည်ပါဘူး။ နားလည်သလောက်လေး ပြန်ရေးတာ။ မှားနေတာ အကောက်အယူလွဲနေတာရှိရင် ပြင်ပေးကြပါ။ ဝမ်းမြောက်ဝမ်းသာ လက်ခံပါ့မယ်။
ဗမာပြက္ခဒိန်တွက်တာက ဟိန္ဓူတွေဆီက ငှားထားတဲ့ တွက်နည်းပါ။ နေတစ်ခြမ်း လတစ်ခြမ်း တွက်ချက်ခြင်း ဖြစ်ပါတယ်။ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ အခြေခံအားဖြင့် မြင့်မိုရ်တောင်ကို နေလ တွေက လှည့်ပတ်နေကြတယ်ဆိုတဲ့ ယူဆချက်ကို ယူထားပါတယ်။ ဒီတောင်ကြီးကို တကယ်ရှိတယ်။ မရှိဘူးဆိုတာ ငြင်းဖို့မဟုတ်ပါဘူး။ သို့သော် လတ္တီကျု၊ လောင်ဂျီကျုတွေ တကယ်ရှိမရှိလိုပဲ သဘောထားမယ်ဆိုရင် ကျေနပ်မှာပါ။ ဒီတောင်ကြီး ရှိမှ တိကျတဲ့ အချိန်ကာလတွေကို တွက်လို့ရပါတယ်။ အဲဒီတောင်ကြီးကို အညီအမျှ ၁၂ စိတ်၊ စိတ်ပိုင်းလိုက်တော့ ၃၀ ဒီကရီ ဆီ ရပါတယ်။ အစိတ်တစ်စိတ်ကို ရာသီတစ်ခုပေါ့။ အစဦးဆုံးရာသီကို မိဿလို့ခေါ်ပါတယ်။ အဲဒီမိဿရာသီအစ ကို နေ(တနင်္ဂနွေ ဂြိုဟ်)တစ်လုံးလုံး ဝင်လာတာကနေ နှစ်တစ်နှစ်ကို စတင်ရေတွက်ပါတယ်။ နေက ပတ်ရင်း ပတ်ရင်းနဲ့ နောက်ဆုံးရာသီဖြစ်တဲ့ ဓနုရာသီကနေ မိဿကို စအဝင်မှာ သင်္ကန္တ စကျပါတယ်။ မိဿထဲကို နေတစ်လုံးလုံး ဝင်သွားတဲ့အချိန်မှာ သင်္ကန္တ ကုန်ပါပြီ။ နှစ်တစ်နှစ်ကို ကူးပြောင်းသွားပါပြီ။ နေ(တနင်္ဂနွေ ဂြိုဟ်)မိဿ ရာသီကို ဘယ်အချိန်မှာ စဝင်သလဲသိဖို့ တည်နေရာတွေကို နက္ခတ်တွေနဲ့ တွက်ပါတယ်။ အားလုံးပေါင်း နက္ခတ် ၂၇ လုံးက လ (တနင်္လာဂြိုဟ်) ကို ဝန်းရံခစားနေပါတယ်။ (အတွင်းတာရာ၊ အပြင်တာရာ ရှိပေမယ်လို့ အချိန်တွက်ချက်ရာမှာ မသုံးပါဘူး။) ။ အဲဒီ နက္ခတ် တွေရဲ့တည်နေရာ ကို အကြောင်းပြုပြီး နေသွားလမ်း၊ တည်နေရာကို တွက်ပါတယ်။ အတိအကျပြောရရင် နှစ်စဉ် ဧပြီလ ၁၅ ရက် ၁၆ ရက်များမှာ နေ(တနင်္ဂနွေ ဂြိုဟ်)ဟာ မိဿရာသီထဲကို အပြည့်အဝဝင်သွားပါတယ်။ ဒါကြောင့် သင်္ကြန်ဟာ နှစ်တိုင်း ဧပြီလမှာပဲ ဖြစ်ပါတယ်။ ယေဘူယျ အနေနဲ့တော့ အချိန်နာရီ အတိအကျကို နေ တစ်ခြမ်းနဲ့တွက်ပါတယ်။ နေသွားလမ်းကို စတင်ရေတွက်ချိန်က သန်းခေါင်ချိန်တစ်ခုကနေ သန်းခေါင်ချိန် တစ်ခု အကူးကို တွက်ပါတယ်။
ဒီလို နေ(တနင်္ဂနွေ ဂြိုဟ်)ရဲ့ တည်နေရာကို တွက်တဲ့ နည်းပေါင်း ၃ နည်းရှိပါတယ်။
(၁) သူရိယသိဒ္ဓန္တ
သမုဒ္ဓရာဇ်မင်း (AD 78) မှာ စသုံးတဲ့ နည်းဖြစ်ပါတယ်။ဟိန္ဓူတွေဆီကနေ တိုက်ရိုက်ယူထားတဲ့ နည်းဖြစ်ပါတယ်။ မတိကျဆုံးနည်း ဖြစ်ပါတယ်။
(၂) မကာရန္တ
ပုပ္ပါးစောရဟန်းမင်း (AD 639) က သူရိယသိဒ္ဓန္တ နည်းကို အတိုချုံးပြီး ကွာဟချက်များကို ပြန်လည်ပြင်ဆင်ကာ သက္ကရာဇ် ၁ ကနေ စတင်ပြီး ပြင်ဆင်လိုက်ပါတယ်။ ဗမာလိုတော့ သက္ကရာဇ်ဖြို လိုက်တယ်ပေါ့ဗျာ။ အတိအကျပြောရရင် AD 639 March 22nd midnight 00:24:36 မှာ သက္ကရာဇ် ၁ ခု တန်ခူးလဆန်း တစ်ရက်နေ့ နံနက် ၀နာရီ ၀ဗဟို လို့စတင်ရေတွက် လိုက်ပါတယ်။ ခုလက်ရှိ ကောဇာ သက္ကရာဇ် က ပုပ္ပါးစောရဟန်းမင်းစခဲ့တဲ့ သက္ကရာဇ် ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနှစ်ကို သိချင်ရင် ခရစ်နှစ်ကနေ ၆၃၈ နှုတ်ရင် ဗမာနှစ်ကို ရပါတယ်။
(၃) သံဒိဌ
ပုဂံမင်း (AD 1203) လက်ထက်မှာ ညောင်ကန်ဆရာတော်ကနေပြီးတော့ အနည်းငယ်မတိကျမှုများကို ပြန်လည်ပြင်ဆင် တွက်ချက်နည်းအဖြစ် ပြုပြင်ထားတဲ့ လက်ရှိအတိကျဆုံးနည်း ဖြစ်ပါတယ်။ လက်ရှိသုံးနေတဲ့ စနစ်လည်း ဖြစ်ပါတယ်။ သက္ကရာဇ်ဖြို ခြင်းမရှိပါဘူး။
အဲဒီနည်းတွေနဲ့တွက်လိုက်တဲ့ အခါမှာ နှစ်တစ်နှစ်ရဲ့ စုစုပေါင်းကြာချိန်ဟာ ၃၆၅ ရက် ၁၅ နာရီ ၃၁ ဗီဇနာ ၃၀ ကာယ ဖြစ်ပါတယ်။ စက်နာရီအရဆိုရင်တော့ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၉ စက္ကန့် ဖြစ်ပါတယ်(မကာရန္တနည်း)။ လက်ရှိ နှစ်တစ်ပတ်လည်ကြာချိန်ကတေ ကြာချိန်က တော့ ၃၆၅ ရက် ၅ နာရီ ၄၈မိနစ် ၄၇.၅၈၈ စက္ကန့် ဖြစ်ပါတယ်။ အဲဒီအနည်းငယ် ကွာဟချက်ကို
ပြင်ဆင်လိုက်တဲ့ အခါမှာတော့ ၃၆၅ ရက် ၁၅ နာရီ ၃၁ ဗီဇနာ ၃၁ ကာယ ၂၄ အဏုကာယ ဆိုပြီး ဖြစ်လာပါတယ်။ ညောင်ကန်ဆရာတော် ရဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်။ သံဒိဌနည်းမှာ ပို တိကျလာတယ်ဆိုတာပါ။
ဒါတွေက အချိန်ကို အတိအကျတွက်တာတွေပါ။ ဒါပေမယ့် လူသုံးဖို့ ရက်တွက်တာကတော့ လတစ်ခြမ်းပေါ်အခြေခံပါတယ်။ လတစ်ခု ကွယ်သွားရာကနေ နောက်တစ်ကြိမ်ကွယ်တဲ့ အထိကို တစ်လ လို့ ယူပါတယ်။ အဲဒီအခါမှာ လဆန်း နဲ့ လဆုပ်ဆိုပြီး အပိုင်း ၂ ပိုင်းဖြစ်လာပါတယ်။ လဆန်းကနေ လပြည့်ထိ တစ်ပိုင်း လဆုပ်ကနေ လကွယ်ထိ တစ်ပိုင်းပေါ့။ လဆန်းကနေ လပြည့်ဖို့က ၁၅ ရက် အတိအကျပါပဲ။ လဆုပ်ကနေ လကွယ်ဖို့က ၁၄ ရက် (သို့) ၁၅ ရက် ရှိပါတယ်။ တစ်ချို့လများမှာ ၁၄ ရက် တစ်ချို့လများမှာ ၁၅ ရက် မှာ လကွယ်ပါတယ်။ တန်ခူးလ ကစလို့ တစ်လကျော်ဆီ ၁၄ ရက် နဲ့ လကွယ်ပါတယ်။ အဲဒီလို လတွေမှာ တစ်လကို ၂၉ ရက်ပဲ ရှိပါတယ်။ (ရက်မစုံလ လို့ ခေါ်ပါတယ်။) ကဆုန်လ ကစလို့ တစ်လကျော်ဆီကတော့ ၁၅ရက် ပြည့် ရင် လကွယ်ပါတယ်။ အဲဒီလို လတွေကိုတော့ ရက်စုံလလို့ ခေါ်ပါတယ်။
ရက်မစုံလများ။ ။ တန်ခူး၊ နယုန်၊ ဝါခေါင်၊ သီတင်းကျွတ်၊ နတ်တော်၊ တပို့တွဲ။
ရက်စုံလများ ။ ။ ကဆုန်၊ ဝါဆို၊ တော်သလင်း၊ တန်ဆောင်မုန်း၊ ပြာသို၊ တပေါင်း။
ဒါကြောင့် ပုံမှန်နှစ်များမှာ လတွေကို ပေါင်းလိုက်ရင် ၃၅၄ရက် ရပါတယ်။ နေသွားပုံအရတွက်တဲ့ နှစ်က ၃၆၅ ရက် ၁၅ နာရီ ဖြစ်တဲ့ အတွက် လနဲ့ ရေတွက်တဲ့ အချိန်က နည်းနေပါတယ်။ ဒါကြောင့် သူ့ရာသီနဲ့ သူ့လ ကိုက်အောင်လို့ ဝါထပ်ပေးရပါတယ်။ ဝါထပ်တယ်ဆိုတာ လတစ်လ တိုးပေးလိုက်တာပါပဲ။ ဝါထပ်တာမှာ ဝါကြီးထပ်တာနဲ့ ဝါငယ်ထပ်တာဆိုပြီး ၂ မျိုး ရှိပါတယ်။ ဝါငယ်ထပ်တဲ့ နှစ်မှာ တစ်နှစ်ကို ၃၈၄ ရက် ရှိပြီးတော့ ဝါကြီးထပ်တဲ့ နှစ်မှာ တစ်နှစ်ကို ၃၈၅ ရက် ရှိပါတယ်။ ဝါကြီးထပ်တဲ့ နှစ်မှာ တစ်ရက်ပိုတာပေါ့။
ဝါဘယ်နှစ်တွေ ထပ်ရမလဲဆိုတာကို အတိအကျရှိပါတယ်။ ဝါထပ်ဖို့အတွက် ၁၉ နှစ်တစ်ကြိမ်လှည့်ပါတယ်။ (Metonic cycle)။ ခုနှစ်တွေကို ၁၉ နှစ်စီစဉ်ပြီး ၃၊ ၅၊ ၈၊ ၁၁၊ ၁၃၊ ၁၆၊ ၁၉ ကြိမ်မြောက်ကျတဲ့ နှစ်များဟာ ဝါထပ်တဲ့ နှစ်များ ဖြစ်ပါတယ်။ အဲဒီ နှစ်တွေထဲမှာမှ တစ်နှစ်ကျော်ဆီ ဝါကြီးထပ်ပါတယ်။ ၃၊ ၈၊ ၁၃၊ ၁၉ နှစ်မြောက် နှစ်များဟာ ဝါကြီးထပ်တဲ့ နှစ်ဖြစ်ပါတယ်။ ဝါကြီးထပ်တဲ့ နှစ်မှာ ပိုတဲ့ တစ်ရက်ကို နယုန်လမှာ ပေါင်းထည့်လိုက်ပါတယ်။ ဒါကြောင့် ဝါကြီးထပ်ရင် နယုန်လဟာ ရက်စုံလဖြစ်ပါတယ်။ ဝါထပ်တဲ့ နှစ်တွေမှာတော့ ဝါဆိုကို ပထမ နဲ့ ဒုတိယဝါဆို ဆိုပြီး ၂ လ ဖြစ်သွားပါတယ်။ ရခိုင် မှာတော့ ပထမနဲ့ ဒုတိယ တန်ခူးလ ဆိုပြီး တွေ့ရပါတယ်။ ဘာပဲ ပြောပြော ရက် အဟကို ပြန်ဖြည့် ပေးမှ ရာသီဥတု နဲ့ လတွေ ကိုက်မှာကိုး။ ဒီတော့ ပြန်ဖြည့်တာပေါ့။
၂၀၁၀ ခုနှစ်ဟာ ဝါကြီးထပ်တဲ့ လဖြစ်ပါတယ်။ ၃ကြိမ်မြောက်ကျပါတယ်။ ဒါကြောင့် နယုန်လဟာ ရက်စုံလ ဖြစ်ပါတယ်။ ဒါဆို ၂၀၁၅ ကျမှ နယုန်လဟာ ရက်စုံလ ပြန်ဖြစ်မှာပါ။
လရဲ့ ပျမ်းမျှ ကြာချိန် ကိုတွက်ထားကတော့ ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၃၈၉၈ စက္ကန့် ဖြစ်ပါတယ်။ ဥရောပ တွက်နည်းအရတော့ ၂၉ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၈၈၆၃၆၈ စက္ကန့် ဖြစ်ပါတယ်။ ကွာဟချက်ကို တွေ့မှာပါ။
ရေတွက်ပုံများနဲ့ ပါတ်သက်လို့တော့ မောင်ဂုရု သေချာမသိတဲ့ အတွက် မပြောပြနိုင်တာကို ခွင့်လွှတ်ပါလို့။
သို့သော်လည်း ဗမာ..ပြက္ခဒိန် ကလည်း သူ့ဟာနဲ့သူ တိကျသလို… ဟိန္ဓူတွေ ဆီက ငှားရမ်းထားပေမယ့် လက် ရှိဟိန္ဓူ နည်းတွေက ပြင်ဆင်ချက်များ မြောက်များစွာနဲ့ ပြောင်းလဲလာတဲ့ အတွက် လက်ရှိဗမာ့နည်းဟာ ဟိန္ဓူနည်းထက် ရှေးပိုကျကြောင်း မှတ်တမ်း မှတ်ရာများ တွေ့ရှိရပါတယ်။
Reference:ှ
http://adsabs.harvard.edu/full/1906Obs….29…54C
http://archiv.ub.uni-heidelberg.de/savifadok/volltexte/2009/254/pdf/C_.pdf
http://www.archive.org/stream/catalogueofburme00brituoft/catalogueofburme00brituoft_djvu.txt
http://www.nationalarchives.gov.uk/A2A/records.aspx?cat=059-iorv_11-4&cid=-1&Gsm=2008-06-18

December 31, 2009

ဂုဏ်ရယ်.. ထမင်းရယ်… နဲ့ ငပျင်းရဲ့ ဆင်ခြေ…

Filed under: Uncategorized — gurugyi @ 1:03 pm

သိုးဆောင်းလို “Glory” ဗမာလိုတော့ “ဂုဏ်” (ဘာသာပြန်တာမှားရင်ခွင့်လွှတ်၊ မောင်ဂုရုရဲ့ ဆရာတစ်ယောက် က မောင်ဂုရုကို အမြဲအားပေးသလို၊ မှားရင်လည်း ချက်ချင်း ပြောတတ်လွန်းလို့ပါ။) ဆိုတာ လူတိုင်းကြိုက်တဲ့ အရာတစ်ခုပါ။ အနီတို့ရဲ့ ဆရာကြီး၊ လက်ရှိလည်း နီတယ်လို့ ပြောနေသေးတဲ့ China ရဲ့ ထုဆစ်သူ Deng Xiaoping (ရွှေလိုတော့ တိန့်ရှောင်ဖိန်ပေါ့လေ) က To get rich is glorious ပါတဲ့။ လူတန်းစားညီရပါမယ်လို့ တစ်သံတည်း ရေရွတ်ခဲ့ကြတဲ့ ကွန်တွေက နေပြီးတော့ ချမ်းသာ ရင် ဂုဏ်ရှိတာပဲဟေ့လို့ ထလည်း ပြောလိုက်ရော…။ ဟာ… ဘာပြောကောင်းမလဲ လက်ခုပ်သံဆိုတာ ဖြောင်းဖြောင်းထနေတာပဲ။ အံမယ်.. ဆက်ပြောသေးဗျာ…။ Let some people get rich first ဆိုပဲ။ ဒါဆို ရင် ဒီလူတွေ ချမ်းသာလာမှ စရိတ်မျှပေးလိုများ ပြန် မျှခိုင်းမှာလား စိုးရိမ်တုန်းရှိသေး။ ကိုကို တိန့် က ဆက်လက် မိန့်တာက ဟေ့.. ကြောင်မည်းတယ် ဖြူတယ် လာမပြောနဲ့ ကြွက်ဖမ်းနိုင်ဖို့သာ အရေးကြီးတာတဲ့ဗျာ..။ (It doesn’t matter if a cat is black or white, so long as it catches mice. ) ။
မောင်ဂုရုက ဖြုတ်ဦးနှောက် နဲ့ စဉ်းစားတယ်။ လူသာ အများကြီးရှိတယ်။ ဆန်ပြုတ်တောင် နပ်မှန်အောင် မသောက်နိုင်တဲ့ တိုင်းပြည်က ချမ်းသာဖို့တို့ ကြွက်သေဖို့တို့ ပြောနေပါရော့လား။ ဘာနဲ့ လုပ်မှာလည်း ပေါ့။ ခု ဖြစ်စပြုနေတာကို ခဏမေ့ပြီး စဉ်းစားကြည့်တာပါ။ သူက တစ်ခါတည်း လုပ်မယ့် လမ်းကြောင်းပါ ပြောတာခင်ဗျ။ ခုအပြင်ရောက်နေတဲ့ တရုတ်ကျောင်းသားထောင်ချီပြီး ပြန်လာတာနဲ့ တရုတ်ဘယ်လို ကိုယ့်ကိုယ်ကို ပြောင်းမလဲဆိုတာ ခင်ဗျားတို့ မြင်ရမယ် ဆိုပဲ။ (When our thousands of Chinese students abroad return home, you will see how China will transform itself. ) တစ်ခါတည်း ရှင်းသွားတာပဲ။ သူက ရင်းနှီး မြှုပ်နှံမှုကို လူမှာ လုပ်ထားတာ။ ပြောတုန်းကတော့ သူလည်း သူ့တစ်သက်မြင်ချင်မှ မြင်ရမယ်လို့ ထင်ပုံပဲ။ ဒါပေမယ့် သေချာတော့ သိတယ်။ ဟော.. သူ ၁၉၉၇ နှစ်စပိုင်းမှာ သေတယ်။ ဒါပေမယ့် အလားအလာတွေကို မြင်သွားတယ်။ ဒါပဲလေ။ ဘယ်မှာ ရင်းနှီး မြှုပ်နှံရမယ်ဆိုတာ သိဖို့ပါပဲ။
ဒီလို ကြီးကြီးကျယ်ကျယ် တွေ ကို သက်တမ်းနဲ့ အပြိုင် တွေ့လာတော့ မောင်ဂုရုလည်းပဲ သွေးနားထင်ရောက် ဘဝင် ငယ်ထိပ်ဆောင့်ပြီး … လာထား .. ယောင်္ကျားတို့ ဘုန်း မိုးသို့ချုန်း .. ကိုယ်တုံးလုံး ကျန်လည်း အလံ မခိုး.. အဲ… အလံမလှဲ.. ဒါလည်း မဟုတ်သေးဘူး။.. အဲ.. ကိုယ်တုံးလုံးကျန်လည်း အပ်ချည်ကြိုး ခါးတောင်းကျိုက်နေမဟဲ့ဆိုပြီး…။ နင်လားငါလား စီမံကိန်းတွေ ချ..။ အကောင်အထည်တွေ ဖေါ်တော့တာပေါ့။ နှစ်တို နှစ်ရှည် နှစ်စက နှစ်မတိုမရှည် စီမံကိန်းယူမလား။.. အထူးစီမံကိန်း.. မထူးတစ်ထူး စီမံကိန်း… ထူးကို ထူးမယ့် စီမံကိန်းတွေ ပေါင်းစုံနဲ့.. လာမပြောနဲ့.. အဲဒီအချိန်မှာတော့ မောင်ဂုရုမှ မှန်တာ…။ ဘယ်သူမှ မမှန်ဘူး။ နေ့ချင်းညချင်း သူဌေးကြီး ဖြစ်တော့မယ်ဆိုတဲ့နိမိတ်ကို ယူ ပြီး သူဌေးကြီး ဆိုတဲ့ လက်ဘက်ရည်ဆိုင် ကလေးကို ကောက်ဖွင့်၊ အန္တိမရည်မှန်းချက်က သူဌေးကြီး ဖြစ်ဖို့၊ (ဟေ..ဟေ့…) ၊ ကိုယ်တိုင်က အလုပ်ကလည်း မထွက်နိုင်၊ လက်ဘက်ရည်ဆိုင်လည်း မဦးစီးနိုင်၊ လက်ရှိထမင်းစားနေတဲ့ ပယောဂဆေးခန်းလေးလည်း လက်မလွှတ်ချင်၊ အံမယ်.. ကျောက်ထပြီး ခွေးကြီးမှ လက်ပေးသင်သလို “Life-long learning” ဆိုတာကို လက်ကိုင်ထားလို့ အတန်းကျောင်းကလည်း ပြေးတက်လိုက်သေးနဲ့ (ကျည်ပွေ့ က အတက်တော့ ပေါက်ပါရဲ့ အပင်ကမပွင့်တဲ့ အပင်၊ ခုတ်ပြန်ရင်လည်း သစ်တော ဥပဒေအရ အချုပ် ၃ လ) ဆပ်ပြာသည် လင်ပျောက်တာအပြင် လင်နောက်လိုက်သွားတဲ့ သမီး ၂ ယောက် အိမ်ပြန်ရောက်လာသလိုပဲ။ ပြာယာကို ခပ်နေတာပဲ။ ရှိသေးတယ်။ မိသားစုကလည်းရှိတော့ မိသားစု ဘဝလေးကိုလည်း ခံစားချင်သေးတယ်။ (ဆရာမ) ဂျူးပြောတဲ့ ရွှေအိုရောင်ညနေခင်းလေးတွေကိုလည်း ရွှေအိုရောင် အရည်လေးနဲ့ မှီဝဲလိုက်ရမှ ဘဝဆိုတာ လေးနက်တယ်ထင်သေးတာကိုး ။ (ဒါကို မောင်ဂုရုရဲ့ ဆရာကတော့ ခင်ဗျားတို့က ပညာတတ်ဥာဉ်မှ မဖျောက်နိုင်တာကိုးလို့ အဘိယာစကပြုလိုက်ပါသေးဗျား။) ဒီတော့ အလှမ်းကျယ် အလယ်လပ်။ မျောက်သစ်ကိုင်းလွတ်သလို ဟိုမရောက် ဒီမရောက်။ စိတ်ကူးထဲကတိုက်အိမ်လေးနဲ့ ထမင်းကြမ်း ယပ်ခပ်စားနေရပေမယ့် ဘယ်သူဘာပြောမလဲ။ လာထား… ပေးစရာဆင်ခြေရော.. ဆင်ကိုယ်လုံးရော… ဆင်ကောင်ကြီး… ဆင့်ယောက်ဖ.. ဆင့်ခယ်မ.. ကြိုက်တာပြော.. ပေးဖို့ အဆင်သင့်။ ဆရာကြီး ကိုတာကလည်း အလုပ်တွေ အများကြီးလုပ်တဲ့သူကို ချီးကျူးတယ်ဆိုတာကလည်း ဆင်ခြေထဲမှာပါသေးတယ်။
နောက်ဆုံးတော့ ဘာဖြစ်လဲ…။ ကိုယ့် ဆင်ခြေတွေနဲ့ကိုယ် လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ဟာကိုယ်ထမင်းငတ်နေတော့တာပေါ့။ လူကသာ စားစရာမရှိတယ်။ မာနကတော့ တစ်ပြားသားမှ မလျှော့။ မလိုဘူး။ ဘာညာ..သာရကာပေါ့။ သိတယ်မဟုတ်လား။ ကိုယ့်ဟာကိုယ်တော့ စိတ်ထဲကနေ အင်း.. ဂုရု.. အိတ်ကပ်လည်းပြား… လူလည်းဖားပီ.. မင်းဘာများ အဖြစ်ရှိလို့လည်း…လို့ အပြစ်ကတင်နေပီ။ လေလုံးကတော့ လုံးဝမလျှော့ဘူး။ ခုထိ မောင်ဂုရုကိုလာမေး.. ဘာကူရမလဲဆို.. မောင်ဂုရုကတော့ ပြန်ပြောလိုက်ဦးမယ်။ ကျွန်တော်ကရော.. ဘာပြန်ကူညီရမလဲဗျာလို့..။ သိတယ်မဟုတ်လား။ မောင်ဂုရုတို့က မာနနဲ့ အသက်ရှင်နေတာ။ ဦးတိန့်တို့ပေးတဲ့ မဟာအဆိုအမိန့်တွေနဲ့ ရှင်သန်နေတာ။
ဒါပေမယ့်ဗျာ… တစ်ခုပါပဲ။ မောင်ဂုရုသိချင်တာ.. အလုပ်မလုပ်ပဲ အလကားနေရင်း ပိုက်ဆံရမယ့် အလုပ်လေးများရှိရင် အကြံပေးစမ်းပါ။ လိုချင်လွန်းလို့ပါ။
Reference:
http://www.brainyquote.com/quotes/authors/d/deng_xiaoping.html

December 30, 2009

ကပ်ရောဂါဆိုတာ…

Filed under: Uncategorized — gurugyi @ 11:38 am

* NGO မှာ အလုပ်လျှောက်ချင်လို့ဆိုပီး စကားခံလာတဲ့ သူငယ်ချင်း ကို မေးသမျှပြန်ရှင်းပြ ရင်းက ဒီအကြောင်းလေး ရေးဖြစ်တာပါ။ သူမေးတာကတော့ သူက ကျန်းမာရေးပညာပေး (Health Educator) ဆိုတဲ့ရာထူးအတွက် လျှောက်တာ လှမ်းခေါ်တယ်ပေါ့၊ သူ့ကို အင်တာဗျူးမယ်တဲ့ အဲဒါ ဘာတွေ ပြင်ထားရမလဲ ဆိုပီးလာမေးတာပါ။ ကျယ်ပြန့်လွန်းတော့ ဖြတ်ပြောလိုက်တဲ့ အထဲက သူက ထဲထဲဝင်ဝင်မေးတာလေးတွေကို အခြား လျှောက်ချင်သူတွေ အသုံးဝင်အောင်လို့ ဖြန့်ဖြူးတဲ့သဘောပါ။ အခုတစ်ခေါက်တော့ ကပ်ရောဂါအကြောင်းပေါ့။….

ကပ်ရောဂါ (ဘာသာရပ်ခေါ် Epidemic အရပ်ခေါ် outbreak ) ဆိုတာကို အသုံးများကြတာကတော့ ကျန်းမာရေးဌာနနဲ့ ဘုရားရှိခိုးတွေမှာပါပဲ… ကပ်ကြီးသုံးပါးဆိုတာကို ဗုဒ္ဓဘာသာဝင်များ မစိမ်းကြပါဘူး.. သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုက္ဘိက္ကန္တရကပ် ဆိုတဲ့ ကပ်ကြီးသုံးပါးကို လူတိုင်းကြောက်တာများ… “အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊” စသည်ဖြင့် ဘုရားရှိခိုး ဆုတောင်းပိုင်းမှာပါ ကင်းလွတ်စေကြောင်း ဆုတောင်းကြပါတယ်။ ကျန်းမာရေးဌာနတွေက သုံးတဲ့ ကပ်ရောဂါကတော့ ကပ်ကြီးသုံးပါးကို လုံးသုတ်ပီးခေါ်လိုက်တာပါ။ ဒါဆို ကပ်ရောဂါ (ဝါ) ကပ်ဆိုတာ ဘာပါလိမ့်….

ကပ်ရောဂါကို ဆရာဝန်များတင် သိဖို့မကပါဘူး။ အခြားသူများ.. အထူးသဖြင့် NGO တွင် အလုပ်လုပ်လိုသူများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်သူများ အနေနဲ့ မသိမဖြစ်သိဖို့လိုအပ်ပါတယ်။ ကပ်ရောဂါဆိုတာ ရောဂါတစ်ခုဟာ ဒေသခံ လူတွေကြားမှာ မျှော်မှန်းထားတဲ့ ပမာဏထက် ပိုဖြစ် ရင် ကပ်ရောဂါလို့ခေါ်ပါတယ်။ (the occurance of a disease or diseases in a community more than expected at a specific time) လို့ M. Last ဆိုတဲ့ ကပ်ရောဂါ ဂုရုကြီးက အဘိယာစက ပြုပါတယ်။ ဥပမာ… လှည်းကူးဒေသ မှာနှစ်စဉ် ငှက်ဖျားဖြစ်သူ ၁၅၀၀၀ ရှိတယ်။ ဒီနှစ်မှာ ၁၇၀၀၀ ဖြစ်တယ် ဆိုရင် ကပ်ရောဂါ လို့ ပြောလို့မရသေးပါဘူး။ တကယ်လို့ ၃၀၀၀၀ ကျော် ငှက်ဖျားဖြစ်ပီဆိုရင်တော့ ငှက်ဖျားကပ် လှည်းကူးမြို့နယ်မှာ ကျရောက်နေပီလို့ပြောရပါမယ်။ ဆိုလိုတာက ဖြစ်မြဲထက် ၂ ဆနီးပါးလောက် ဖြစ်ရင် ကပ်ရောဂါလို့ ပြောတာပါ။ တစ်ချို့ရောဂါတွေကျတော့ တစ်ယောက်ထဲဖြစ်လဲ ကပ်ရောဂါလို့သတ်မှတ်တဲ့ ရောဂါတွေရှိပါတယ်။ ဥပမာ… ကာလဝမ်းရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဆားစ် လို့ခေါ်တဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါ စတာတွေပါ။

အဲဒီတော့ ကပ်ရောဂါ ကို လေ့လာတဲ့ ပညာကိုကျတော့ ကပ်ရောဂါဗေဒလို့ ခေါ်ပါတယ်။ ဘိုလိုတော့ (epidemiology : “The study of the distribution and determinants of health related states or events in specified populations, and the application of this study to control of health problems.”) လို့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိပါတယ်။ လူထု အတွင်းတွင်ကျန်းမာရေးနှင့်ဆက်နွယ်သော အခြေအနေ သို့မဟုတ် ဖြစ်ရပ်များ ဖြစ်ပွားပုံနှင့် လွှမ်းမိုးသော အချက်များကို လေ့လာခြင်းနှင့် ကျန်းမာရေး ပြဿနာများကို ထိန်းချုပ်ရာတွင် ပြန်လည် အသုံးချခြင်း ဆိုတာ ကပ်ရောဂါဗေဒလို့ပြောပါတယ်။ အသေးစိတ်ပြောရရင် အဲဒီ သတ်မှတ်ချက်မှာတင် အများကြီးပြောစရာတွေ ရှိပါတယ်။ အဓိက အရေးကြီးတာက အဲဒီကပ်ရောဂါဗေဒကြီး က ဘာတွေတွေကို လေ့လာတာလည်း ဆိုတာပါ။

ကပ်ရောဂါဗေဒက အကြောင်းအရာ ဖြစ်ရပ်ကြီး (၆) မျိုးကို အခြေခံပီးလေ့လာပါတယ်။

(၁) ရောဂါဖြစ်ပွားစေသော ကိုယ်စားလှယ် (Agent)

(၂) ရောဂါလက်ခံ (Host)

(၃) ပါတ်ဝန်းကျင် (Environment)

(၄) အချိန်/ကာလ (Time)

(၅) လူ/ လူအမျိုးအစား/ လူစား (Person)

(၆) နေရာ (Place)

ဒီ (၆) မျိုးကိုအကုန် အစင် လေ့လာပါတယ်။ ဂျင်နလယ်နောလိပ် အနေနဲ့ တောင် သိထားဖို့ကောင်းတဲ့ အချက်ကလေးတွေပါ။ ဒီ ဟာ တွေကို သိအောင်လုပ်ထားရင် ဘယ်လိုနေရင် ကောင်းမလဲဆိုတဲ့ ရွေးစရာတွေရလာမှာပါ။

ကဲ…. စမ်းသုံးကြည့်ရအောင်… ပညာရပ်တစ်ခုဆိုတာ သုံးလို့ရမှ ကောင်းမှာပေါ့နော… ဒါလောက်ကလေး လမ်းစပေါ်လည်း သုံးလို့ရရမှာပေါ့။

အားလုံးစိတ်ဝင်စားလောက်တဲ့ လေးလုံးရောဂါ အေအိုင်ဒီအက်စ် က စလိုက်ရအောင်… အေအိုင်ဒီအက်စ်ရောဂါ ရဲ့ ကပ်ရောဂါဗေဒ အရ

(၁) Agent ဘာလဲ… အိတ်ခ်ျအိုင်ဗီ ဆိုတဲ့ ဗိုင်းရပ်စ်ပါ။ သွေးနှင့်နှီးနွယ်တဲ့ အရာတွေက တဆင့် ကူးတတ်တယ်။ ကိုယ်တွင်းရောက်နေရင် သတ်စရာ ဆေးမရှိဘူး။ ခန္ဓာကိုယ်ပြင်ပမှာဆိုရင် နာရီဝက်ထက် ပို မရှင်နိုင်ဘူး။ သာမန် ပိုးသတ်ဆေးတော်တော်များများက သတ်နိုင်တယ်။ ဒါပဲ… ဒါလောက်တော့ သိကြတယ်။ မသိလည်း ရှာဖတ် ဒါပဲ တွေ့မယ်။ ဒါပဲလိုတာကိုး…

(၂) Host ဘာလဲ.. လူပေါ့ဗျာ.. ကျွန်တော်တို့စိတ်ဝင်စားတာ လူမှာဖြစ်လား မဖြစ်လား ပဲဟာ … လူမှာ ဖြစ်နိုင်ရင် လူပဲ… ကြက်ငှက်တုပ်ကွေးကြတော့ ငှက်တွေပေါ့ဗျာ… လူမှာ လည်း လာဖြစ်နိုင်တယ်။ လိုတာပဲ ဖတ်မယ်။ မလိုရင် ခေါင်းလေးတယ်။လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လူမှန်ရင် ဖြစ်တယ်။ သွေးလွန်တုပ်ကွေး ဆိုရင်တော့ ကလေးတွေ လို့ ပြောရမှာပေါ့။

(၃) Environment ဘာလဲ… နေရာအနှံ့ ဥတုမရွေးဖြစ်တယ်။ ရပီ…

(၄) Time ဘာလဲ… ၁၂ ရာသီကူးစက်တယ်။ မိုးလင်း မိုးချုပ် ကူးတယ်။

(၅) Person ဘာလဲ.. အဲ.. ဒါက အရေးကြီးတယ်။ ဘယ်လိုလူစားတွေကို ပိုကူးသလဲ ပေါ့။ Host မှာတုန်းက လူကြီးလူငယ် ကျားမ မရွေးကူးတယ်ပြောတယ်။ ခုဟာ က ဘယ်လိုနေတတ်ထိုင်တတ်တဲ့သူတွေ ဘယ်လို အမူအကျင့် ရှိရင် ကူးသလဲပြောတာ… လိင်ဆက်ဆံဖက်အဖေါ်များတဲ့သူတွေ၊ မူးယစ်ဆေး အကြော ထဲ ထိုးသွင်းတတ်တဲ့သူတွေ၊ သွေးနှင့် ဆက်စပ်ပစ္စည်းကိုင်တွယ်သူတွေ (ကျန်းမာရေးဝန်ထမ်းတွေ) ပို အကူးများတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆီကနေ ကလေးငယ်ဆီကိုလည်း ကူးတယ်။ ဒါလောက်ပါပဲ။ ဒါပေမယ့် အရေးတော့ကြီးတယ်။

(၆) Place … ဘာလဲ… နေရာမရွေးဘူး။ တည်းခိုခန်းကနေပီး သမ္မတ အိမ်တော် အထိ ကူးတတ်တယ်။ ဧဝရက် တောင်ထိပ်မှာလည်း ကူးတတ်တယ်။ ” နှစ်ယောက်တည်းဆိုရင်မောင်ရယ် ဧဝရက်တောင်ထိပ် နေချင်ရင် ခုသွား… ရေရှားတဲ့ သဲကန္တာရ ဆာဟာရမရှောင်တယ်”…ဘာညာဆိုတာ ကြားဖူးတယ်ဟုတ်။ မရဘူး… ခေါ်သွားမယ့်သူက အိတ်အိုင်ဗီရှိရင် ဆာဟာရ ရှောင်ရှောင် မရှောင်ရှောင် ကူးမှာပဲ…

ဒါတွေသိထားရင် အေအိုင်ဒီအက်စ်ရဲ့ ကပ်ရောဂါဗေဒအကြောင်း အကြမ်းဖျင်းသိတာပဲပေါ့။ ဒီလို အချက်ကြီး (၆) ချက် ကို အခြေခံပီး ဘယ် ရောဂါ ဖြစ်ရပ်ကို မဆို လူတွေရဲ့ နေရေးထိုင်ရေး ကျန်းမာရေးကို ထိခိုက်လာမဲ့ ကိစ္စတွေကို လေ့လာတာ ကပ်ရောဂါဗေဒပါပဲ။ လေ့လာလို့သိလာတဲ့ အသိကို အခြေခံပီး ကာကွယ်တာ ကုသတာတွေကို စဉ်းစားပီးလုပ်လိုက်တာပါပဲ။ အေအိုင်ဒီအက်စ်မှာဆိုရင် .. သွေးနှင့် ဆက်စပ် ပစ္စည်းကနေကူးတတ် တဲ့ အတွက် သွေးနှင့် ဆက်စပ်ပစ္စည်းတွေကို တိုက်ရိုက် မကိုင်တွယ်န့ပေါ့ဗျာ။ ၁၂ ရာသီကူးတတ်ပီး လူတိုင်းကူးတတ်တော့ လူတိုင်း ၁၂ ရာသီ နေရာမရွေး ဂရုစိုက်ပေါ့။ ကိုယ်ထိတွေ့ရတဲ့သူက ကူးတတ်တဲ့ လူစားထဲမှာ ပါရင် သတိထားပေါ့။ အကာအကွယ်တွေသုံးပေါ့။”ခုခေတ်လူငယ်တွေကတော့ ဦးထုပ်ကိုယ်စီ သုံး…” ပေါ့။

ကဲ.. လွယ်ပါတယ်။ NGO က ပုဂ္ဂိုလ်များကလည်း ဒါတွေပဲအင်တာဗျူးမှာ မေးကြတာပါပဲ။ ဒီ (၆) ချက်ကနေပဲ ပွားသွားတာပါ။ အခြေခံက ဒါပါပဲ။

Reference:

http://www.pec.ha.osd.mil/Updates/0301web/Oct_02_Update_Page_4.htm

http://www.answers.com/topic/epidemiology
http://www.who.int/topics/epidemiology/en/

December 22, 2009

ချဲဒိုင်…

Filed under: Uncategorized — gurugyi @ 3:09 pm

တစ်ချိန်တုန်းက အစိုးရအောင်ဘာလေထီကို တစ်လမှာ ၇-ရက်ဖွင့်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတစ်ယောက်က နှစ်လုံးတိုက်ဆိုပြီး ဒိုင်ကိုင်တာပေါ့။ သူတွက်ပြတာကို မောင်ဂုရုနားလည်သလို ပြန်ပြောင်းတွက်ကြည့်မိတာလေးပါ။
တကယ်တော့ ၂- လုံးတိုက် ဒိုင်လုပ်သူအတွက် ထိုးသား ဘယ်လောက်များများ လျော်ရမှာတော့ တစ်ကွက်ထဲပါပဲ။ အဲဒီတော့ အနိုင်အရှုံး ဖြစ်တန်စွမ်းက ၅၀-၅၀ ရာခိုင်နှုန်းဆီ ရှိတာပေါ့။ ထိုးသားပေါက်ရင် ဒိုင်လျော်။ ထိုးသားမပေါက်ရင် ဒိုင်စားပေါ့။ တော်တော်လေးရှင်းတယ်လို့ထင်ရစရာပါပဲ။ ဒါပေမယ့် ဒိုင်ဆိုတာ အသာချည်းပါပဲတဲ့။ မောင်ဂုရု သူငယ်ချင်းကတော့ ဒီလိုပြောပါတယ်။
သူက All ဒိုင်ပါ။ လာသလောက်လက်ခံပါတယ်။ သူရလာတဲ့ စာရင်းလေးကိုပြလို့ ရှင်းပါတယ်။ အကွက်က ၁၀၀ အတိရှိပါတယ်။
စုံစီနဖာတွေအားလုံးပေါင်းလိုက်တဲ့အခါ… အောက်ပါအတိုင်း စာရင်းချုပ်ပြီးသားလေး ထွက်လာပါတယ်။
၅၀၀/- .. ၁ ကွက် = ၅၀၀ x ၁ = ၅၀၀/-
၄၀၀/- .. ၅ ကွက် = ၄၀၀ x ၅ = ၂၀၀၀/-
၃၅၀/- .. ၁၂ ကွက် = ၃၅၀ x ၁၂ = ၄၂၀၀/-
၃၀၀/- .. ၂၄ ကွက် = ၃၀၀ x ၂၄ = ၇၂၀၀/-
၂၅၀/- .. ၈ ကွက် = ၂၅၀ x ၈ =၂၀၀၀ /-
၂၀၀/- .. ၄၁ ကွက် = ၂၀၀ x ၄၁ = ၈၂၀၀/-
လုံးဝမထိုးတာ ၉ ကွက် = ဝ

အားလုံးပေါင်း သူ့လက်ထဲမှာ.. ၂၄၁၀၀ ကျပ်တိတိ ရထားပါတယ်။ အဲဒီအထဲကမှ ကော်မရှင်ကြေး ၁၀ ရာခိုင်နှုန်း နှုတ်လိုက်တော့.. သူ့ဆီမှာ ၂၁၆၉၀ ကျပ်တိတိကျန်ပါတယ်။ တကယ်လို့သာ အများဆုံး ရှိတဲ့ ၅၀၀ ကွက်က ပေါက်ရင် အဆ ၈၀ လျော်ရတဲ့ အတွက် ၄၀၀၀၀ ကျပ် လျော်ရမှာပါ။ သူစိုက်ရရင် ၁၈၃၁၀ ကျပ် စိုက်ရမှာပါ။ ၄၀၀ ကျပ်ကွက်က ပေါက်ရင် ၃၂၀၀၀ ကျပ် လျော်ရမှာဖြစ်တဲ့အတွက် သူ က ၁၀၃၁၀ စိုက်ရပါမယ်။ တကယ်လို့ ၃၀၀ ကွက်ပေါက်ရင် ၂၃၁၀ ကျပ် စိုက်ရမှာပါ။ တကယ်လို့သာ ၂၅၀ ကွက် ပေါက်ခဲ့ရင်တော့ သူက ၁၆၉၀ မြတ်ပါတယ်။ နောက် ကျန်တဲ့ အကွက် ဘယ်အကွက်ပေါက်ပေါက် သူ ကချည်း ကြိတ်မှာပါ။ မောင်ဂုရုရဲ့ သူငယ်ချင်းက ၅၀၀တန် တစ်ကွက် ကို တစ်ခြားဒိုင်တစ်ယောက်ဆီ မှာ ပြန်ထိုးလိုက်ပါတယ်။ အဲဒီအခါမှာ သူ့လက်ထဲမှာ ၂၁၁၉၀ ကျပ်ပဲ ကျန်ပါတော့တယ်။ သူ့ လက်ထဲမှာ အများဆုံးပေါက်ပါမှ သူ ၃၂၀၀၀ကျပ်ပဲ လျော်ရမှာပါ။ သူက ၃၀၀ ကျပ်အထိပေါက်ရင်တော့ အိတ်စိုက်ရမှာပေါ့။ အဲဒီထက်နည်းပေါက်ရင်တော့ သူမြတ်ပါပြီ။ အဲဒီတော့မှ ဖြစ်တန်စွမ်းကို တွက်ပါတော့တယ်။ သူ အိတ်စိုက်ရမယ့် ဖြစ်တန်စွမ်းက ၄၁ ရာခိုင်နှုန်း ဖြစ်ပြီးတော့ သူ မြတ်မယ့် ရာခိုင်နှုန်းက ၅၉ ရာခိုင်နှုန်း ဖြစ်ပါတယ်တဲ့ခင်ဗျာ။
နားရှုပ်သွား ပါသလား။ တကယ်တော့ တစ်ကွက်ပေါက်ဖို့ ဖြစ်တန်စွမ်းက ၁/၁၀၀ = ၀.၀၁ ဆိုလိုတာက ၁ ရာနှုန်းပဲ ရှိပါတယ်။ ဒိုင်အနေနဲ့ ရှုံးနိုင်တဲ့ အကွက်ပေါင်း ၄၁ ကွက် ရှိတဲ့ အတွက် ၄၁ x ၀.၀၁ = ၀.၄၁ (ဝါ) ၄၁ ရာနှုန်းပဲ ဖြစ်ပါတယ်။ ဒါဆို မြတ်မယ့် အကွက်ပေါင်းက ၅၉ ရာနှုန်း ရှိတာပေါ့။ မောင်ဂုရု ပထမထင်ထားသလို ဒိုင် နဲ့ ထိုးသား ၅၀ရာနှုန်းဆီ မဟုတ်တော့ပဲ။ ဒိုင် နိုင်ဖို့က ၅၉ ရာနှုန်း ထိုးသားက ၄၁ ရာနှုန်း ဖြစ်သွားပါတယ်။ ဒိုင်က သာ သွားပါတယ်။
စာအုပ်များများ စားလေလေ.. ဒိုင်က သာလေလေပါ။
ဒီလိုတွက်ပြ ပြီးတော့မှ မောင်ဂုရုသူငယ်ချင်းက သူဘာကြောင့်ဒိုင်ပဲလုပ်ပြီး ထိုးသားမလုပ်လဲဆိုတာ ပြောပြပါတယ်ခင်ဗျာ။
ဒါတောင်မှ ချဲထိုးချင်သေးတယ်ဆိုရင်လည်း ထိုးပါ။ ချဲထိုးရင် တဲထိုးရမယ်ဆိုတာ ထိုးသားအတွက်ပါတဲ့။ ချဲထိုးရင် တိုက်ဆောက်ရမယ်ဆိုတာ ဒိုင်အတွက်ပါလို့ မောင်ဂုရုရဲ့ သူငယ်ချင်းက ထပ်ပေါင်း လိုက်ပါသေးဗျား။
Reference:
သင်္ချာ (၁)၊ သတ္တမတန်း ဖတ်စာ။

December 18, 2009

စဉ်းစားကြည့်ဗျာ… (၃)

Filed under: Uncategorized — gurugyi @ 12:46 pm

မပြောရင်မဖြစ်လို့သာ ပြောရတယ်။ ဒီလိုများအဖြစ်တွေမှာ ပါကို မပါချင်တာ။ မောင်ဂုရုတို့ဝါသနာက တစ်မျိုး။ ခုဟာမျိုးကျတော့… သူများဘာဖြစ်မလဲ စောင့်ကြည့်ပီး ငါဝင်ဆော်မှပဲ ဆိုတာမျိုး။ သိပ်မကောင်းလှဘူး။ သို့သော်လည်း ယာလည်းညက် ရှဉ့်လည်းမော ဆိုတာလိုပဲ.. မပြောမပြီး မတီးမမြည် … ပြောပါများစကားပေါက် သကဲ့သို့.. ယိုသူမရှက် မြင်သူရှက်နေတော့လည်း.. မောင်ဂုရုက ဆတ်ဆတ်ဆော့ဆော့ ဝင်ပါရတာပေါ့။ အဖြစ်က ဒီလိုဗျ..။
ငွေဆောင်ဆိုတဲ့ ကမ်းခြေရွာလေး (အရင်တုန်းကတော့ ငဆော်ဆိုတဲ့ ရွာပေါ့ဗျာ..။) မှာ တိုက်နယ်ဆေးရုံလေး တစ်ရုံရှိသဗျ။ ဆရာဝန်တစ်ယောက် တာဝန်ယူထားတာပေါ့ဗျာ..။ လွန်ခဲ့သော ၃ ရက်လောက်က ညခင်း မှာ မောင်လူနာတစ်ယောက် ဆိုင်ကယ်မှောက်သဗျ..။ ဘယ်မှာလဲဆိုတော့ အဲဒီငွေဆောင်နားက လမ်းပေါ်မှာပေါ့ဗျာ။ ခြေထောက်ထိသဗျ။ ဆေးရုံရောက်တာပေါ့ဗျာ။ ဆေးရုံမှာက ညဆိုတော့ ဆရာဝန်က မရှိဘူးဗျ။ သူနာပြု အပြာဝတ်ရှိတယ်။ အနီဝတ်ရှိတယ်။ တယ်လီဖုန်းရှိတယ်။ အဲဒီတော့ ဆရာဝန်နေတဲ့ ဟော်တယ်ကို ဖုန်းဆက်တယ်။ (ဆရာဝန်က ချမ်းသာလွန်းလို့ မဟုတ်ပါဘူး။ ယုဇနဟိုတယ်က ဆရာဝန်အတွက် ဘန်ဂလိုတစ်ခု နဲ့ ထမင်းကို တာဝန်ယူပီး ကျွေးထားပါတယ်။ဟိုး ငွေဆောင် ဆေးရုံစတည်ကတည်းက ပါ။ အထင်မှားမှာစိုးလို့။ ။မောင်ဂုရု) ဆရာဝန်က ဖျားနေတယ်ဗျ။ ဒါနဲ့ သူသင်တန်းပေးထားတဲ့ သူနာပြုများကို ခေါင်းထိခိုက်မိသလား မေးပါတယ်။ ခေါင်းမှာ ဒါဏ်ရာရရှိခြင်းမရှိ။ ခေါင်းထိခိုက် သော လက္ဇဏာများ မရှိဆိုတဲ့ အခါ ဆရာဝန်က ဖုန်းနဲ့ ပဲလှမ်းပြီး။ ဒါဆို.. ခြေထောက်က ဒါဏ်ရာက ဆိုးလား။ ဆိုးရင် ဓါတ်မှန်ရိုက်ဖို့ ပုသိမ်ကို လွှဲရမယ် ဟု ဆိုသောအခါ။ ခြေထောက်ဒါဏ်ရာကလည်း မဆိုးပါ။ လမ်းလျှောက်နိုင်ပါတယ်။ အပေါ်ယံပွန်းပဲ့ခြင်း ဖြစ်ပါတယ်။ အရိုးထိခိုက်ခြင်းမရှိ ဟုပြောပါသည်။ ထိုအခါ ဆရာဝန်က ဒါဆို ငါမလာတော့ဘူး။ ဆေးရုံတက်ချင်တယ်ပြောရင် တင်လိုက်။ မတက်ချင်ရင်တော့ မနက်၁၀နာရီ ပြင်ပလူနာဌာနကို လာခိုင်းလိုက် ဟုပြောကာ ဖုန်းချလိုက်ပါတယ်။
ထိုအချိန်ဝယ် (ဒန်…တန့်….တန်…) ဒုရဲအုပ်တစ်ဦးမှ ရောက်ရှိလာပြီး သူနာပြုဆရာမအား အထက်ပါလူနာမှာ ရဲတံဆိပ်ထု လူနာဖြစ်သည်။ (ရဲတံဆိပ်ထု လူနာဆိုသည်မှာ ဖြစ်ပွားသော အနာရောဂါသည် တရားဥပဒေ ကြောင်းနှင့် တစ်နည်းနည်း ပါတ်သက်နေသော ရောဂါဖြစ်သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရသော အနာရောဂါများဖြစ်သည်။ PC case ဟုခေါ်ကြသည်။ဥပမာ ရန်ဖြစ်ပေါက်ပြဲ၊ ဆိုင်ကယ် ကားတိုက်၊ ဓါးဒဏ်ရာ၊ စသည်။ ။မောင်ဂုရု) ဘာကြောင့်ဆေးရုံမတင်ရတာလဲ။ အစရှိသဖြင့် သူနာပြုဆရာမအား ဟိန်းဟောက်ပါတော့သည်။ ထိုအခါ ဆရာမမှ ဒါဆရာဝန်က ဆုံးဖြတ်တာ… ဆရာဝန်ကို ပြောဟု ပြန်ပြောသောအခါ.. ဆရာဝန်ထံ ဖုန်းခေါ်ခိုင်းပါသည်။ ဖုန်းရသောအခါ.. ဆရာ… တော်တော်တာဝန်မဲ့တယ်။ စာနာစိတ်မရှိဘူး။ တာဝန်ကို ရှောင်လွှဲသည် အစရှိသော ခေတ်ပေါ်ဂျာနယ်များပါ စကားလုံးများဖြင့် ဆရာဝန်နှင့် ဖုန်းပေါ်တွင် အခြေအတင် စကားများကြပါတော့သည်။ ကြာသောအခါ ဆရာဝန်က ဖုန်းချလိုက်ပြီး အဆိုပါရဲစခန်းမှ စခန်းမှူးထံ ဖုန်းဆက်ပြီး ဆေးရုံသို့ချိန်းကာ.. သွားပါသည်။ ဆေးရုံသို့ရောက်သောအခါ စခန်းမှူး၊ အဆိုပါ ဒုရဲအုပ်၊ ဆရာဝန်တို့ လူနာများ၊ လူနာစောင့်များ၊ သူနာပြုများ ဆေးရုံဝန်ထမ်းများ ရှေ့တွင် စကားစစ်ထိုးပါတော့သည်။ ဒုရဲအုပ်မှ ဒါ ရဲတံဆိပ်ထု လူနာ၊ ဘာလို့ဆေးရုံမတင်တာလဲ၊ ခင်ဗျား တော်တော်တာဝန်မဲ့တဲ့ဆရာဝန်၊ ဘာအကြောင်းကြောင့် ဆေးရုံမတင်ရတာလဲ၊ အစချီကာ ဆဲဆိုသည်အထိ ရိုင်းပြစွာ ဆက်ဆံပါတော့သည်။ ဆရာဝန်ကလည်း ဒါကျုပ် ဆုံးဖြတ်ရမယ့် ကိစ္စ ခင်ဗျားနဲ့ ဘာဆိုင်သတုန်း၊ ဆေးရုံကို တင်စရာလိုမှ တင်မှာပေါ့။ စသည်ဖြင့် အချေအတင် စကားများကြပါတော့သည်။ အနားတွင် ရှိသော စခန်းမှူးသည် တစ်ခွန်းမှ ဝင်ရောက်ပြောဆို ဟန့်တားခြင်းမရှိ၊ ရပ်ကြည့်နေပါသည်။ နောက်ဆုံးတွင် ဆရာဝန်မှ .. ဒါဆိုရင်လည်း ခင်ဗျားတို့ စခန်းမှ.. ကျုပ်ဆီမှာ လာယူရမဲ့.. ဆေးစာ အစောင် ၁၀၀ ကျော် … ခင်ဗျား ယူရမဲ့ ဆေးစာ ချည်း ၁၅ စောင်ကျော် ခင်ဗျား လာမယူ တာ လနဲ့ချီနေပီ။ ဘာလို့တုန်း.. ဟု ပိတ်ပြောသောအခါမှ.. ငြိမ်သွားပါတော့သည်။ (အထက်ပါ ဆေးစာထုတ်ခြင်း မထုတ်ခြင်းများသည် ရဲများ၏ လုပ်ပိုင်ခွင့် (ဝါ) ရဲလုပ်ကွက် (ဝါ) ရိုက်စားခွင် ဖြစ်ပါသည်။ရှင်းလောက်ပါပြီနော်။ မရှင်းရင်ပြောပါ။ အဆိုပါဆေးစာများ မထုတ်ယူမီ ပျောက်ဆုံးပျက်စီး သော်တာဝန်ခံဆရာဝန် တွင် လုံးလုံးလျားလျား တာဝန်ရှိပါသည်။ ။မောင်ဂုရု)
နောက်တစ်နေ့ရောက်သောအခါ.. ဖြစ်ခဲ့သောလူနာမှ ဆရာဝန်ချိန်းသည့်အချိန်လာခဲ့ကာ… ဆေးရုံမတက်ချင်ကြောင်း ပြောပြီး လက်မှတ်ထိုးကာ ရွာပြန်သွားပါသည်။
အထက်ပါအကြောင်းများကြောင့် ဆရာဝန်က စခန်းမှူးထံ ဖုန်းဆက်ပြီး အဆိုပါ ဒုရဲအုပ်ကို တောင်းပန်ခိုင်းပါသည်။ ထိုအခါ စခန်းမှူးမှ ဆရာ့ကို လာတွေ့ခိုင်းလိုက်ပါ့မယ်ဟု ပြန်ပြောသောအခါ ဆရာဝန်က ကျုပ်ကို ဆဲတာ လူကြားထဲမှာ ဒါကြောင့် ဆေးရုံကြီးကြပ်ကော်မတီရှေ့တွင် တောင်းပန်ပါ ဟု ပြောသဖြင့် ကောင်းပါပြီ နောက် ၂ ရက်တွင် လာပါမည်ဟု အကြောင်းပြန်ပါသည်။ ထိုအခါ ဆရာဝန်က ရက်ချိန်း စေ့ချိန်တွင် လူကြီးများအား ဖိတ်ကြားထားသော်လည်း အဆိုပါ ဒုရဲအုပ်သည် လာရောက်ခြင်းမရှိဘဲ ရှောင်လွှဲနေခဲ့သောကြောင့် ဆေးရုံကြီးကြပ်ကော်မတီလူကြီးများ ခမျာ အူကြောင်ကြောင်ဖြစ်ကာ ပြန်သွားရပါလေတော့သည်။
နိုင်ငံတော်ဥပဒေကို ကြီးကြပ်ရသော အဖွဲ့အစည်းအတွင်းတွင် ထိုသို့သော အထက်အောက် ဘေးတိုက် ဆက်ဆံမှုများကို လိုက်နာမှုမရှိသော လူများကြောင့်.. အဖွဲ့အစည်း တစ်ခုလုံး၏ ပုံရိပ်ကို ထိခိုက်စေပါသည်။ မောင်ဂုရု ယခုရေးသားသော ကြောင့် အဖွဲ့အစည်းကို ထိခိုက်စေလိုရင်းမပါဝင်ပါ။ အဂတိနောက် ကောက်ကောက်ပါအောင် လိုက်နေသော လူတစ်ဦးတစ်ယောက် ကို သာ ရည်ရွယ်ပါသည်။ သို့သော် ထိုထိုသော လူများသည် ဝါးလုံးရှည်များနှင့် သိမ်းရမ်းတတ်အောင် မဆီမဆိုင် သူများအလုပ် ဝင်ရှုပ်တတ်အောင် မည်သူတွေ က သွေးထိုးပါသနည်း။
မည်သူတွေက မသေချာသော ကောက်ချက်များနှင့် မရေရာသော စကားလုံးကြီးကြီးကျယ်ကျယ်များဖြင့် ကိုယ်ကိုယ်တိုင်နားမလည်သော အကြောင်းအရာများကို အကျင့်သိက္ခာ မဲ့စွာ ဖေါ်ပြခဲ့ကြပါသနည်း။
ကိုယ်ကျင့်တရားဆိုသည်မှာ ဘာကို ခေါ်ပါသနည်း။ သိက္ခာဆိုသော စကားလုံးကို ကိုင်စွဲပြီး စီးပွားရေးသမားများ ၏ ကြိုးကိုင် ခံနေရသော လူ (ဝါ) ပိုက်ဆံနောက် ကောက်ကောက်ပါအောင် လိုက်နေသော လူများ မည်မျှများပါသနည်း။

December 15, 2009

မွေးနေ့ဆိုတာ… ဒါပါလား။

Filed under: Uncategorized — gurugyi @ 2:47 pm

ဒီနေ့ က မောင်ဂုရုရဲ့ မွေးနေ့ပေါ့။ ဘရူနိုင်းဘုရင်က သူ့ အသက် ၅၀ ပြည့် မွေးနေ့လုပ်တော့ ဒေါ်လာ ၂၇.၂ သန်း အကုန်ခံပီးတော့ လုပ်သွားတာမှာ မိုက်ကယ်ဂျက်ဆင်ကိုချည်း ၁၆ သန်း ပေးရသတဲ့။ ကမ္တာပေါ်မှာ တန်ဖိုး အကြီးဆုံး မွေးနေ့ပေါ့။ မောင်ဂုရုလည်း သန်း၅ကောင်လောက်တော့ ခေါင်းပေါ်တင်ပီး မွေးနေ့ကျင်းပလိုက်ရင် ကမ္တာပေါ်မှာ အယားဆုံးမွေးနေ့ တော့ သေချာပေါက်ဖြစ်မှာပါပဲ..။ ခက်တာက ဆံပင်နည်းတော့ သန်းတွေက သိပ် မတက်ချင်ကြဘူး။
ကမ္တာပေါ်မှာ ရှိရှိသမျှ လူတွေရဲ့ မွေးနေ့က သြဂုတ်လမှာ အများဆုံးတဲ့။ ၉% လောက်တောင်ရှိသတဲ့။ မောင်ဂုရုကတော့ ချမ်းအေးတဲ့ ဒီဇင်ဘာလ မှာ မွေးတဲ့ ဓနုရာသီဖွားလေးပါ။ အဲဒီတော့ ဘာဖြစ်လဲ..။ ကျောင်းအပ်နောက်ကျတာပေါ့။ ၅ နှစ်ခွဲမှ ကျောင်းစတက်ရတဲ့ ကျောင်းမပျော် အန္ဓလေးပေါ့။
အမေရိကမှာတော့ အများဆုံး မွေးတဲ့ နေ့က အောက်တိုဘာ ၅ ရက်ပါတဲ့.။ ဘာမှ ထူးဆန်းတဲ့ နေ့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့မွေးဖို့ ကိုယ်ဝန်ရှိနိုင်တဲ့ နေ့ကို ပြန်ကြည့်တော့.. နှစ်သစ်ကူး အကြိုည ဖြစ်ပါသတဲ့ဗျာ..။ ဒါနဲ့ မောင်ဂုရု မွေးနေ့နဲ့ ယှဉ်ပီး ဘယ်တုန်းက များ ကိုယ်ဝန် ရှိခဲ့တာပါလိမ့် ပြန်ကြည့်ကြည့် တော့..။ လား…လား.. မတ်လ ၂၇ ရက်တဲ့ဗျာ….။ တော်လှန်ရေးနေ့ကြီး ဖြစ်နေတာကိုး..။သြကာသ..သြကာသ..သြကာသ..။
ဒီကနေ့မွေးတဲ့ ကလေးတွေကတော့ နောင်တစ်ချိန်မှာ လူကြီးတွေဖြစ်ပီးတော့ သေကုန်ကြမှာပါပဲ လို့ ဆြာကြီး ဂုရုရဲ့ လုံးဝမမှားတဲ့ ဟောကိန်းလေးကို ထုတ်လိုက်ပါတယ်။
မောင်ဂုရုလိုပဲ ဒီဇင်ဘာ ၁၅ ရက်မှာ လိုက်မွေးခဲ့ကြသူများကတော့ ဒီနေရာမှာ ကြည့်လိုက်လေနော်….
မောင်ဂုရုမမွေးခင်ရော မွေးပီးရော.. ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ ဒီနေရာမှာ ကြည့်ကြည့်ပေါ့..။
အံမယ်.. ပြောရဦးမယ်.. နီရိုး ဘုရင်ကြီးတို့.. အီဖယ်မျှော်စင်ဆောက်တဲ့ ဂူစတေ့ဗ် အီဖယ်တို့ဆိုတာ.. မောင်ဂုရုလို ဒီဇင်ဘာ ၁၅ ရက်မွေးတာတွေပေါ့..။ တစ်ခြားသိချင်တာရှိသေးရင်.. ဒီနေရာမှာ ကြည့်ဗျာ…။
တကယ်တော့လည်း.. မနှစ်က မွေးနေ့ကနေ ဒီနေ့ထိ..
မောင်ဂုရု.. စက်ကန့်ပေါင်း ၃၁၅၃၆၀၀၀ စက်ကန့် နေပြီးပါပြီ။
ဆံပင်တွေက ၁၂ စင်တီမီတာ လောက်ရှည်လာပီးတော့ လက်သည်းတွေကတော့ ၄ စင်တီမီတာလောက် ဖြတ်လိုက်ရပါတယ်။
မောင်ဂုရုရဲ့ နှလုံးကတော့ ၄၂၀၇၅၉၀၀ ကြိမ်ခုန်ခဲ့ပါတယ်။ အသက်ကို ၁၅၇၆၈၀၀၀ ကြိမ်လောက်ရှူခဲ့ပါတယ်။
မနှစ်ကနေ ဒီနှစ်ထိ အိပ်မက်ပေါင်း ၁၄၆၀ မက်ခဲ့ပီးပါပီ။ ခရုတစ်ကောင်ကို သာ မနှစ်ကမွေးနေ့ကနေ မရပ်မနား လျှောက်ခိုင်းမယ်ဆိုရင် ခရီးမိုင်ပေါင်း ၂၆၃ မိုင် ပေါက်နေပါပီ။ (ခရုတစ်ကောင်ဟာ တစ်နာရီကို ၀.၀၃မိုင် ခရီးပေါက်ပါတယ်။)
ကမ္တာ့လူဦးရေကလည်း မနှစ်က မွေးနေ့ကနေ ဒီနေ့ထိ ၇၆၅၇၀၄၃၀ တောင် တိုးတက်လာပါတယ်။ ခုခင်ဗျား ဖတ်နေတုန်းပဲ နောက်ထပ် ၅ ယောက် ထပ်မွေးသွားပါပီ။
ငလျင်ကလည်း အကြိမ် ၅၀၀၀၀ လောက် လှုပ်ခဲ့ပါတယ်။
ကျွန်တော်ပြောတာတွေကို မယုံပါနဲ့။
ခင်ဗျား ၁ ကနေ သန်းတစ်သောင်းရောက်တဲ့ အထိ ၂၄နာရီ အချိန်ပြည့် ရေကြည့်ပါ။ ခင်ဗျား အသက် နှစ် ၃၁၀၀၀ ပြည့်တဲ့ နေ့ကျရင် သန်းတစ်သောင်းပြည့်သွားပါလိမ့်မယ်။ ဘီလ်ဂိတ်က သူ့ပိုက်ဆံတွေကို ဘယ်တော့မှ လက်နဲ့ရေမှာ မဟုတ်ဘူးလို့ ပြောရင် ခင်ဗျား ယုံမှာလား။
သြော်.. ဒါနဲ့ ပြောရဦးမယ်။ တကယ်လို့ မောင်ဂုရုက အင်္ဂါဂြိုဟ်မှာ သာ နေမယ်ဆိုရင်.. ခုမှ ၁၈.၀၃ နှစ်ပဲ ရှိသေးမှာဗျ..။ စနေဂြိုဟ်မှာဆိုရင်တော့ ခုမှ ၁.၁၅ နှစ်ပဲ ရှိဦးမယ်။ ဟဲဟဲ.. အသက်ငယ်အောင် ဂြိုဟ်ပြောင်းနေရင်ကောင်းမယ်နော…။
Reference:
http://www.google.com/search?hl=en&safe=off&client=firefox-a&rlz=1R1GGGL_en___MM346&q=december+15th+1975+born&btnG=Search&aq=f&oq=&aqi=
http://www.baby2see.com/conception_calculator.html#ConceptionCalculator
http://en.wikipedia.org/wiki/December_15
http://www.nndb.com/lists/867/000106549/
http://www.celebrity-link.com/birthday_day-15_month-12.html
http://www.astrotheme.com/birthdays/december-15.htm
http://www.tokenz.com/funny-birthday-facts.html
http://www.re-date.com/index.php

December 14, 2009

သူရို့ဒီလိုတွေပြောဖူးတယ်။

Filed under: Uncategorized — gurugyi @ 1:00 pm

ရယ်ရရင်လည်း ရယ်ရမယ်။ ပြုံးရရင်လည်း ပြုံးရမယ်။ ဒါပေမယ့်.. ဒါတွေဖတ်ပီး ငိုရတယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို တစ်ခုခု မှားနေပီလို့သာ မှတ်လိုက်ပါ။…
“ချောင်းဆိုးနေသလား။ အိမ်ပြန်ပီး.. ညကျ ဝမ်းနှုတ်ဆေး များများသောက်လိုက်… မနက်ဖြန်ကျရင် ချောင်းတောင် ဆိုးရဲမှာ မဟုတ်တော့ဘူး။” Pearl Williams
“ကျွန်တော်ဘယ်တော့မှ အနာဂတ်ကို မတွေးမိဘူး… အချိန်တန်တော့ ရောက်လာတာပဲ။” Albert Einstein.
“ ခင်ဗျား အလုပ်ကို ချစ်တယ်ဆိုရင်.. ခင်ဗျား ဘဝမှာ တစ်နေ့လုံး အလုပ်မလုပ်ဖူးဘူးဆိုတာ သေချာတယ်။” Tommy Lasorda.
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားလည်း ကြည့်ရတာ သိပ်လိမ္မာ ပုံမရဘူး” ခင်ဗျား ကြည့်ရတာ မိုက်တယ်ဗျ ဟု အပြောခံရပြီးနောက် ပြန်ပြောသော စကား။ Yogi Berra.
“အဆုံးမရှိတာ ၂ ခုရှိတယ်။ စကြာဝဠာ နဲ့ လူ့အန္ဓ ပဲ။ စကြာဝဠာ တော့ ကျွန်တော် သိပ်သေချာ မသိဘူး။” Albert Einstein.
“ဒေါသကလွဲရင် အားလုံးကို သည်းခံနိုင်တယ်။” Oscar Wilde.
“ဘရိုကိုလီ ကို ကြိုက်ကိုမကြိုက်တာဗျ။ ငယ်ငယ်တည်းက မကြိုက်တာ.. အမေက ခဏခဏကျွေးတယ်ဗျာ။ ခုကျွန်တော် အမေရိကန် သမ္မတ ဖြစ်ပီ။ ဘယ် ဘရိုကိုလီ မှ မစားဘူးဟေ့။” George Bush
“ဒါ.. ကျုပ်အပြစ် လုံးဝမဟုတ်ဘူး။ ကျုပ်က တာဝန်ယူတတ်ဖို့ ဘယ်တုံးကမှ အသင်မခံခဲ့ရဘူး။” Anonymous.
“အိမ်ထောင်ပြုတာ လင်နဲ့ မယား နှစ်ကိုယ့်တစ်စိတ် နေသွားဖို့ပါ။ ပြသနာက ဘယ်စိတ်နဲ့ သွားမလဲ ဆိုတာက စတာပဲ။” Anonymous.
“ကျွန်တော်တစ်သက်လုံး တစ်ယောက်ယောက် ဖြစ်ချင်ခဲ့တာ..။ ခုတော့ သိပီ.. ကျွန်တော်နည်းနည်းလေးပိုပြီး တိကျလိုက်ရမှာ..။”Jane Wagner.
“လူတွေက တိုင်တန်းဖို့ ဘာသာစကားကို ထွင်လိုက်ကြတယ်။” Lily Tomlin.
“ပိုက်ဆံချေးမယ်ဆိုရင် အဆိုးမြင်သမားတွေ ဆီက ချေး။ သူတို့က ဘယ်တော့မှ ပြန်ဆပ်မှာပဲ လို့ တွေးမထားဘူး။” Anonymous.
“အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဆုံးရှုံးသွားသလား။ သင်ခန်းစာ ယူလိုက်ပါ။ နောက်ဘယ်တော့မှ မလုပ်နဲ့ လို့။” Homer Simpson.
“လူတိုင်း ကောင်းကင်ဘုံတော့ သွားချင်ကြတယ်။ ဘယ်သူမှတော့ မသေချင်ကြဘူး။” Anonymous.
“ကျွန်တော် အနိုင်ရသူလို့ မြင်ကြစေချင်တယ်။ ဒါကြောင့် တစ်ယောက်ယောက်ကိုတော့ ဆော်ရမှာပဲ။” Richard M. Nixon.
Reference:
http://www.coolfunnyquotes.com
http://www.short-funny-quotes.com

December 10, 2009

စဉ်းစားကြည့်ဗျာ… (၂)

Filed under: Uncategorized — gurugyi @ 3:11 pm

မောင်ဂုရုက Information technology မှာ နလပိန်းတုံးပါ။ တကယ်ကို သုံးတတ်ယုံပဲ ရှိပါတယ်။ IT သင်ပုန်းကြီးတောင် မတောက်တစ်ခေါက်လောက်ပဲ တတ်တဲ့ သူပါ။ ဟိုစပ်စပ် ဒီစပ်စပ် ကလွဲလို့ ကျန်တာလာမပြောနဲ့ နွား ပလာတာ ကျွေးတာကမှ စမြုံ့ပြန်တတ်ဦးမယ်။ မောင်ဂုရုကတော့ ဝေလာဝေး။
အဲဒီလို အခြေခံများနဲ့ မောင်ဂုရု ကတော့ မြန်မာလို ကွန်ပျူတာပေါ် ရိုက်လို့ ရပီဆိုတော့ “ဝေး.. ဟေးဟေး… ” ပျော်တာပေါ့နော်။ ဘယ်လိုပြောရမလဲ။ တားတား ပျော်တယ်။ ပေါ့နော်..။ မြဝတီက ကောင်မလေးတွေက ရင်ထဲမှာ ဘယ်လိုနေလဲ လို့ လာမေးရင် လည်း အဲဒီ အချိန်တုန်းက (အဲဒီအချိန်တုန်းက) ဟိုလေ.. ဘယ်လိုပြောရမလဲ… ပျော်တယ်…. မပြောပြတတ်ဘူး.. ဘာညာဆိုပီး.. ခပ်တည်တည်နဲ့ ကို ညှောင့်ရလောက်အောင်ကို ပျော်တာ။
သို့သော်လည်း.. သို့သော်လည်းပေါ့လေ…။ သမိုင်းတွေက ဆုံးဖြတ်ထားတဲ့ ဒါဗမာဆိုတဲ့ အဆုံးအဖြတ်က ရှိပီးသားဆိုတော့လည်း။
လာပါပီ…။ ရေးထုံးဘယ်လိုရှိရှိ။ ရိုက်ထုံးအမျိုးမျိုးနဲ့၊ သုံးစွဲသူ ကို စိတ်ညစ်ညူးအောင် အမျိုးမျိုးသော လက်ကွက်ပုံစံများနဲ့.. ငါတစ်ကောကောနေလိုက်ကြတာ…. ယူတတ်ရင် တစ်ထိုင်တည်းနဲ့ တရားပေါက်လောက်တယ်။
ဟောဗျာ… ဇော်ဂျီတဲ့…

ဟော နောက်တစ်မျိုး…မြန်မာ၃ တဲ့…

ဟော နောက်တစ်မျိုး… MyMyanmar တဲ့…

ကျန်သေးတယ်။ မြစေတီတဲ့… ပိတောက်တဲ့.. ဝင်းမြန်မာတဲ့… တူတာ မတူတာ လာမပြောနဲ့… သေချာတာကတော့.. တစ်ယောက်ချင်းကြားထဲမှာ နည်းနည်းတော့ ကွဲတယ်။ ထပ်ပြောရရင်…. version တစ်ခုနဲ့ တစ်ခုကြားတောင် မတူတာတွေရှိတယ်။

မောင်ဂုရု စဉ်းစားမိတာက ဒီလူတွေ သုံးစွဲသူတွေကို ပညာရှိနှိပ်စက်နည်းနဲ့များ နှိပ်စက်နေတာလားလို့ပါ။ တော်ကြာဒီလိုရိုက်ပါ ပြောလိုက်… နောက် ခဏကြာတော့ ဟာ ဒီလို မရိုက်နဲ့ မကောင်းဘူး။ ဒီလိုရိုက်ဆိုပီး တမင်တကာ အဆင်မပြေအောင်လို့များ ညှိပီး တစ်လွဲတွေချည်း လျှောက်လုပ်နေတာလား စဉ်းစားစရာတွေဖြစ်လာတယ်။ ဒီလောက်တောင်ပဲ ငါတစ်ကောကောနေကြတာလား။

မြန်မာယူနီကုဒ် (Myanmar1, Myanmar1.1, Myanmar2.0, Myanmar2.1, Myanmar 3.0 , Myanmar4.0, future Myanmar5.0) ဆိုတဲ့ လက်ကွက် က တရားဝင် အစိုးရက ရုံးသုံးသတ်မှတ်ထားတဲ့ လက်ကွက်တဲ့။ သိချင်ရင် ဒီနေရာမှာ ဖတ်ကြည့်ဗျာ… သူကလည်း တစ်မျိုးပီး တစ်မျိုးပြောင်းနေတာပဲ… ရှေ့လက်ကွက်နဲ့ နောက်လက်ကွက် ခုတစ်မျိုးတော်ကြာတစ်မျိုး…။
ဇော်ဂျီတဲ့… သူကလည်း version တစ်ခုထွက်တာနဲ့ တစ်မျိုးဖြစ်တာပဲ… မယုံဘူးလား ဒီနေရာမှာ ဆွဲကြည့်…
နောက်ဟာတွေတော့ မပြောတော့ဘူး။…
ဘာတွေလဲဗျာ… ဒီလောက်လေးတောင် မညီညွတ်တော့ဘူးလား။ ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပီထင်နေတာလား။ လူရာသိပ်ဝင်ချင်နေကြတာလား။
မောင်ဂုရု အားလုံးကို အဖေ ခေါ်ပါတယ်။ အဖေတို့ရေ…။ သိပ်လက်စွမ်းတွေ ထောင်မနေကြပါနဲ့။ သားတို့လည်း ဘယ်လိုက်ရမှန်းမသိတော့ဘူး။ လက်ကွက်တွေလည်း ကျင့်ရလွန်းလို့ ညညဆို မိန်းမက အနားကပ်မခံတော့ဘူး။ ရှင့်လက်က တစ်တောက်တောက်နဲ့ ကျွန်မကို လာခေါက်နေတယ်ဆိုပီးတော့..။
ဘယ်နဲ့ဗျာ… ရေးထုံးတစ်မျိုးတည်း… စာတစ်မျိုးတည်း ရှိတဲ့ ဗမာစာလက်ကွက် က ၂၀၀၄ ကတည်းက နေခုထိ ၅ နှစ် ရှိပီ…။ ပုံပြင်တွေပြောလို့ ကောင်းတုန်း…။
ဟိုမှာ… စိနတွေတောင် လက်ကွက်၂ခုနဲ့ စတိုင်ကျလို့.. အေးဆေး…။
တောင်းပန်တယ်ဗျာ။တစ်လောကလုံး ဗြောင်းဆန်နေတာပဲ။ တစ်ကယ်ကျင့်ခဲ့ပါတယ်ဆိုတာတောင်… သူရို့က မယုံချင်ဘူး။ ဘယ်တော့များမှ လက်ကွက် အသစ်ကျင့်ရတဲ့ ဝတ် ( အဲ.. နောက်ဆုံးပေါ်ဇော်ဂျီမှာ ဝတ် ကို အမှန်အတိုင်းမရိုက်တတ်သေးလို့ပါ။) က လွတ်ရမှာလဲဟင်…။
Reference:
ညွှန်းချင်စိတ်တောင် မရှိတော့ဘူး…။

December 8, 2009

စဉ်းစားကြည့်ဗျာ…(၁)

မောင်ဂုရုတို့ ငယ်ငယ် အလယ်တန်းကျောင်းသားဘဝ တောမြို့လေးမှာ နေတုန်းက အကိုကြီးတစ်ယောက် ရှိတယ်။ သူ့မှာ မန်ကျည်းစေ့ ၂ စေ့စာလောက် ကြီးတဲ့ ဓါတ်လုံးတစ်လုံးကို လက်စွပ်ကွင်းပီး ဝတ်ထားတယ်။ အဲဒီဓါတ်လုံးအကြောင်းကို အမြဲကြွားလို့ သူ့ကို နံမည်ပြောင်ခေါ်တာက ဓါတ်သီးတဲ့။ လုံးဝစိတ်မဆိုးတဲ့ အပြင် အဲဒီနံမည်ကိုတောင် သူက ပိုကြိုက်သေး။ ထားပါတော့။ အဓိက က အဲဒီဓါတ်လုံးအကြောင်းပါ။ သူပြောတာကတော့ သူ့ဓါတ်လုံးက အဆိပ်အမျိုးမျိုးကို အင်မတန်နိုင်တယ်တဲ့။ ဘယ်အဆိပ်ကို မဆို ဓါတ်လုံးနဲ့ စိမ်လိုက် အဆိပ်ပြယ်တယ်တဲ့။ သူပေးတဲ့ ကိုယ်တွေ့ဆိုတဲ့ အကြောင်းက သူတို့ အိမ်နားက အရက်သမား သန်းထွန်းကြီး မက်သနောတွေသောက်ပီး အန်တာ။ ရေတိုက်မယ်လုပ်တော့ ရေကမရှိဘူး။ ရင်ပူလွန်းလို့ ရေချည်းတောင်းတာ။ ဒါနဲ့ နတ်စင်ပေါ်က အရက်ဖြူကို သူ့ဓါတ်လုံး စိမ်ပီး တိုက်လိုက်တာ။ မက်သနော အဆိပ်တောင် ပြေ ပီး ကိုသန်းထွန်းကြီး ကောင်းသွားတယ်တဲ့။ သူပြောတာကတော့ အရက်ကို သူ့ဓါတ်လုံးစိမ်လိုက်ရင် အရက် က ရေဖြစ်ပီး သောက်လို့ ရမယ်ပေါ့။ ခုတော့ သောက်လို့ ရတဲ့ အပြင် မက်သနော အဆိပ်ပါ ပျောက်သွားသေးပေါ့။ အဲဒီလောက် စွမ်းတယ်ပေါ့။ တကယ်လည်း အဲဒီအဖြစ်အပျက် ဖြစ်တာဗျို့။ အဲဒီတော့ အနည်းနဲ့ အများ ယုံကြတယ်။
မောင်ဂုရုတို့လည်း ကလေးဆိုတော့ ယုံတာပေါ့။ သူက လက်စွပ် ပြ ပြ ပီး ပြောရင် ဓါတ်လုံးကို ကြည့်လိုက် သူ့ကို ကြည့်လိုက်ပေါ့။ တစ်ခုရှိတာက ဇာတ်လမ်းတွေက အများသား။ တစ္ဆေနိုင်တာတို့၊ တုတ်ပီး၊ ဒါးပီးတို့၊ ခွေးမှန်သမျှ အမြီးကုပ်ပြေးရတာတို့။ နောက် သူ့ကိုယ်ထဲမှာ ထည့် ထားတဲ့ အပ် ၈၁ ချောင်းတို့ (သူက ရွှေရင်ကျော်ဂိုဏ်း ဝင်ထားတယ်ဆိုလား၊ သူ့ဆရာက သူ့ကိုယ်ထဲမှာ အပ်တွေ ထည့်ထားတယ်တဲ့ ၈၁ ချောင်းတောင်တဲ့၊ အသက် ၂၀ ကျော်လောက်က ထည့်တာ အဲဒီအချိန် အသက် ၄၀ ထိ ထန်းရည် ၅ ခါလောက် သောက်တာ အပ် ၇ ချောင်းလောက် ပြန်ထွက်သွားလို့ အပ် ၇၀ ကျော်ပဲ ကျန်တော့တဲ့ အကြောင်းကလည်း ပါသေးဗျ) နောက် ဓါတ်လုံးကို ညွှန်ပီး သွားရင် လမ်းမပျောက်ဘူးတို့၊ တော်တော်များတယ်။ ဥပမာတွေနဲ့ လူကလည်း စကားပြောကောင်းဆိုတော့၊ လက်ဘက်ရည်ဆိုင်မှာ သူလာပီဆိုရင် သူ့ကို ဝိုင်းကျပ်ရင်း သူစကားပြောကောင်းတာလည်း နားထောင်ရင်း ညည ဆို တော်တော်ဟုတ်တယ်။ အဲဒီတုန်းက ၈၈ အရေးအခင်းဖြစ်ခါနီးလေး။ မောင်ဂုရုကလည်း ၇တန်းကျောင်းသားဘဝ အကိုတွေနဲ့ လက်ဘက်ရည်ဆိုင်လိုက်ထိုင်ရင်း တော်တော်လေး လူရာဝင်သလို ခံစားနေရချိန်၊ ငယ်ငယ်က ဟီးရိုးထဲက ကိုဓါတ်သီးပေါ့။….. သြော်.. ပြောရဦးမယ်။ နောက်ဆုံးသူပြန်တော့မယ် ဆိုပီး စကားပိတ်ရင် ဓါတ်လုံးက သူ့ကို ဘယ်လို လာဘ်ရွှင်စေတယ်ဆိုတာနဲ့ ပိတ်တာပဲ။
သူ့ဇာတ်လမ်းတွေထဲမှာ အရက်ကို ဓါတ်လုံးစိမ်တာ ရေဖြစ်တဲ့ အပြင် မက်သနောအဆိပ်ပါ ပြေတယ်ဆိုတာကို အရမ်းသဘောကျတာ၊ ဖြစ်ချင်တော့ သူ့ဇာတ်လမ်းတွေ နားရည်ဝနေတုန်းပဲ၊ မြောက်ဥက်ကလာမှာ မက်သနော အဆိပ်သင့်လို့ သေကြပါရောလား။ ဒီတော့ ဟာ… ကိုဓါတ်သီး ရဲ့ ဓါတ်လုံးသာ ရှိရင် ဘာညာနဲ့ပေါ့။ အိုး… လက်ဘက်ရည်ဆိုင်မှာ ဘာပြောကောင်းမလဲ၊ တသောသောနဲ့ မာန်ထလို့ ကောင်းမှကောင်း.. ကိုဓါတ်သီးတို့များ…။
အဲဒီလိုနဲ့ မောင်ဂုရု တို့ ဆယ်တန်းအောင် တက်ကသီလာ ကို တက်လို့ ၂ နှစ်လောက် အရောက်မှာ နောက်တစ်ခါ အရေးအခင်းနဲ့ တက်ကသီလာတွေချည်း ပိတ်ပြန်ပါလေရော။ အဲဒီအချိန်တုန်းက ကျုံးတက်ဆိုတဲ့ ဘီယာ က တစ်လုံး ကို ၁၂ ကျပ်နဲ့ ခေတ်စားနေတဲ့ အချိန်၊ မောင်ဂုရုတို့ကလည်း တက်ကျမ်းတွေ ဖတ်ပီး၊ ဘီယာလေးတမြမြလုပ်နေတဲ့ အချိန်၊ ကျောင်းပိတ်လို့ တောပြန်ရောက်တော့ ဘီယာသောက်ဖို့ အဖေါ်က ရှာ မရတော့ဘူး။ ရွာက သာဂိတို့၊ နောက်တိုးတို့ကလည်း urbanization နောက် ကောက်ကောက်ပါအောင်လိုက်သွားလေတော့၊ မောင်ဂုရု ဘီယာစုပ်ဖို့ လူရှာရပါလေရော။
ငယ်ငယ်က ဟီးရိုးကြီး ကို ဓါတ်သီးကတော့ ရှိတုန်း၊ သူ့ဓါတ်လုံးတပြပြနဲ့၊ အသက်က ၅၀ နားကပ်သာလာတယ်။ ဟေးလားဝါးလား နေတုန်း။ ဒါနဲ့ သူ့ကို မရဲတရဲ အဖေါ်စပ်ကြည့်ရတယ်။ ဘီယာသောက်မလားပေါ့။ သောက်မယ်တော့ မထင်ဘူးလေ။ သူက အပ်တွေသွင်းထားတာကိုး။ ဒါပေမယ့် သူက သောက်မယ်တဲ့။ မောင်ဂုရုကလည်း သေချာအောင်ထပ်မေးရသေးတယ်။ ခင်ဗျားအပ်တွေနဲ့ ဖြစ်ပါ့မလား။ ဟုတ်တယ်လေ.. မတော် သောက်နေတုန်း အပ်တွေက ပါးစပ်ထဲက ထွက်လာတော့ ဘယ့်နဲ့ လုပ်မတုန်း။ သူကတော့ ဖြစ်ပါတယ်။ ငါ့အပ်တွေ မထွက်တဲ့ နည်းရှိတယ်တဲ့။ ဒါနဲ့ သောက်ကြရော။ သူကလည်း ဘီယာပဲတဲ့။ သူနဲ့ မောင်ဂုရု ကျုံးတက် တစ်ယောက်တစ်လုံးစီမှာရတယ်။ ငါက မင်းနဲ့ သောက်လို့ မရဘူးတဲ့။ ဘာများပါလိမ့်မလဲ လို့ ဘယ်ဟုတ်မလဲ။ ဘီယာကို ဓါတ်လုံးစိမ်သောက်တယ်။ ပီးတော့ မှ အဲဒီလိုစိမ်သောက်တော့ အပ်တွေလည်း မထွက်၊ သူလည်းမမူး ဘီယာ အရသာလည်း မပျက် သူလည်းသောက်လို့ရတယ်ပေါ့။ ကောင်းကောင်း ဓါတ်လုံးအကြောင်း နားဒုက္ဃ ပေးတာ။ သူတစ်ယောက်ထဲ ကျုံးတက် ၃ လုံးကုန်တယ်။ မမူးတော့ မမူးဘူးဗျ။ အံမယ်… တယ်ဟုတ်ပါလားပေါ့။ သူ့ဓါတ်လုံးက…
ကျောင်း ၂ နှစ်ပိတ်တဲ့ တစ်လျှောက် သူနဲ့ ပဲ အဖေါ်လုပ်သောက်ရတယ်။ သူကတော့ ထုံးစံအတိုင်း ဘီယာဓါတ်လုံးစိမ်ပဲ။ ဘယ်တော့မှ မမူးဘူး။
အဲဒါနဲ့ ကျောင်းပြန်တက်တော့ တတိယနှစ်ရောက်ရော.. စာထဲမှာ မက်သနောအဆိပ်အကြောင်းက ပါလာရော.. မက်သနောသောက်မိရင် အရက် စစ်စစ် ကို ပြန်တိုက်လိုက်ရင် ပျောက်တယ်ဗျ.. ဒါလည်း ဖတ်မိရော… ကိုဓါတ်သီးရဲ့ ဓါတ်လုံးအစွမ်းကို ဘွားခနဲမြင်လာတော့တာပဲ… ကိုသန်းထွန်းကြီး ပျောက်တာ.. သူ့ဓါတ်လုံး မှ မဟုတ်ပဲ.. နတ်စင်ပေါ်က အရက်ကြောင့်ကိုး… သူ အမြဲပြောတဲ့ သူ့ ဓါတ်လုံး လာဘ်ရွှင်တယ်ဆိုတာလည်း အမှန်ပဲဗျ… ကျောင်း ပိတ်တဲ့ ၂ နှစ်လုံးလုံး မောင်ဂုရုကချည်း သူ့ ကို ဘီယာ ဓါတ်လုံးစိမ်တိုက်ရတာ… ကိုယ်တော်ချောက ဓါတ်လုံးလေးနဲ့ မောင်ဂုရု အထင်ကြီး စိတ်လေးကိုမှီပီး… ဘီယာတွေချည်း လှိမ့်ကြိတ်တာ.. နည်းမှနည်းပဲ။ သူဖရီးကြိတ်တတ်လွန်းလို့ ဘယ်သူမှ မခေါ်တော့တာလေ။…
ဒါပေမယ့် မောင်ဂုရုတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝတွေထဲမှာ ပြန်ကြည့်တော့လဲ… ဓါတ်လုံးလေးပြလို့… အံ့ချည်းဘနန်း… အစွမ်းတွေကို တွင်တွင် (ရွတ်လို့) .. ဘယ်လိုကောင်းမှာ .. ဘယ်လိုဖြစ်လာမှာ… ဘယ်လိုလုပ်လိုက်တော့မှာ ဆိုတာတွေ ပြောပြောပီး … မောင်ဂုရုတို့ဆီက နှိုက်ထုတ်ယူငင်သွားကြတဲ့ သူတွေ များတော့အများသားနော်…
သူတို့ကို မောင်ဂုရုကတော့… ဘီယာဓါတ်လုံးစိမ်သောက်သူတွေ လို့ပဲခေါ်ချင်တယ်။…

Was there Buddha?

မိလိန္ဓ မင်းကြီး ။ ။ အရှင်ဘုရား.. ဘုရားရှင်ကို မြင်ဘူးပါသလော။ ဟုမေးသော်။ ။ မင်းကြီး ငါမမြင်ဘူးချေဆိုလျှင်၊ အရှင်ဘုရားဆရာတို့သည် မြင်ဘူးပါသလော ဟုမေးပြန်၏။ ငါ၏ဆရာတို့သည်လည်း မမြင်ဘူးကုန် ဟု ဖြေသော်၊ အရှင်ဘုရား၊ထိုသို့တပြီးကား၊ ဘုရားမရှိခဲ့တကား ဟုဆို၏။
အရှင် နာဂသေန မထေရ်။ ။ မင်းကြီး၊ အဘယ်သို့ဆိုတုံသနည်း၊ ဟိမဝန္တာ၌
ဥဟာမည်သော မြစ်ကို မင်းကြီး မြင်ဘူး၏လောဟုဆိုလျှင်၊ အရှင်ဘုရား၊ ဥဟာ မြည်သော မြစ်ကို တကာတော် မမြင်စဘူးချေဟု ဆို၏၊ မင်းကြီး၊ ဤသို့ဆို သော်၊ သင်မင်းကြီး၏ အဘသည် မြင်ဘူးပါ၏လော ဟု ဆိုပြန်၏၊ အရှင်ဘုရား၊ တကာတော်၏အဘသည်လည်း၊ မမြင်ဘူးချေဟုဆိုသော်၊ ထိုသို့တပြီးကား မင်းကြီး၊ ဥဟာမည်သော မြစ်သည် မရှိခဲ့တကားဟု ဆို၏၊ အရှင်ဘုရား၊ ဥဟာမည်သော မြစ်ကို တကာတော် မြင်စဘူးသည် အကယ်မရှိ၊ တကာတော်၏အဘလည်း အကယ်မြင်စဘူးသည်မရှိ၊ ထိုသို့ မြင်စဘူးသည် မရှိသော်လည်း ဥဟာမည်သော မြစ်သည် ရှိ၏ဟုဆို၏။ ။မင်းကြီး၊ ထို့အတူ ၎င်း ငါသည် ဘုရားရှင်ကို အကယ်မြင်စဘူးသည်မရှိ၊ ငါ၏ဆရာတို့သည်လည်း မြင်စဘူးသည် မရှိကုန်၊ ထိုသို့ဖြစ်သော်လည်း စင်စစ်သော်ကား ဘုရားရှင်ရှိ၏ဟု ဖြေသော်၊ အရှင်ဘုရား၊ သင့်တင့်လျောက်ပတ်ပေ၏ ဟု ဝန်ခံလေ၏၊
reference:
မိလိန္ဓပဥှာ ဝတ္ထုတော်ကြီး၊ ဗုဒ္ဓသနတ္ထိဘာဝပဥှာ၊ ဟံသာဝတီ ပိဋကတ် ပုံနှိပ်တိုက်၊ ရန်ကုန်၊ နှာ ၁၁၅

« Previous PageNext Page »